ဝေဖန်ခံနေရသည့် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ နှုတ်ထွက်စာတင်

ဝေဖန်ခံနေရသည့် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ နှုတ်ထွက်စာတင်

ပါတီအောင်နိုင်ရေးအတွက် အလှူငွေထည့်သည့်ကုမ္ပဏီများအား တင်ဒါလုပ်ငန်းအတွက် ထောက်ခံပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဝေဖန်ခံနေရသည့် ချင်းပြည်နယ် ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ပူးစီးဇာကျုံး (Pu C. Za Cung) နှုတ်ထွက်စာတင်ခဲ့ကြောင်း ချင်းပြည်နယ် NLD ဥက္ကဌပူးဇိုဘွဲ့က ပြောသည်။

အဆိုပါမြို့နယ်ဥက္ကဌသည် ပညာရေးဦးစီးဌာန၏ တင်ဒါအတွက် ပါတီအောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ထောက်ခံပေးသည့်သဘောပါသော အစီရင်ခံစာ လူမှုကွန်ရက်တွင်ပျံ့နှံခဲ့ပြီးနောက် ပြည်နယ်ပါတီရုံး၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးကာ ပါတီဗဟိုသို့ တင်ပြထားဆဲကာလတွင် ယခုကဲ့သို့ ဥက္ကဌရာထူးမှ နှုတ်ထွက်စာတင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒါက သူက ကုမ္ပဏီသမားတွေကို အစီရင်ခံစာရေးပေးတာပေါ်သွားတယ်။ အဲကိစ္စက လုပ်ထုံးလုပ်နည်းနဲ့ လွဲချော်မှုရှိတယ်။ နုတ်ထွက်စာတင်ဖို့ အထက်က ညွှန်ကြားတာမဟုတ်ဘူး။ သူကိုယ်တိုင်တင်ထားတယ်။ အဲဒါ ပါတီဗဟိုကတော့ ဘာမှအရေးယူမှုမရှိသေးဘူး” ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ပူးစီးဇာကျုံးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုအနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူဖြစ်သည်။

လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်၍ ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင် မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝန်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် ဝေဖန်မှုများမြှင့်တက်ခဲ့သည်။

ပါတီဥက္ကဌရာထူးမှနှုတ်ထွက်စာတင်သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ပူးစီးဇာကျုံးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတွင်းရေးကိစ္စဖြစ်သည့်အတွက် ဖြေဆို၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ချင်းပြည်နယ်၌ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက၃၆ နေရာ (၈၂ ရာခိုင်နှုန်းကျော်) အနိုင်ရရှိခဲ့ပြီး ယခုကဲ့သို့ တောင်ပြိုကမ်းပြိုအနိုင်ရခြင်းမှာ ငွေကြေးအင်အားအသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်ဟု အတိုက်အခံ နိုင်ငံရေးပါတီများက ဝေဖန်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...