တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့, ဖွဲ့စည်းခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုပြောကြားခဲ့သည်။
“အားလုံးသိချင်နေတဲ့ကိစ္စကတော့ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ ခေါင်းဆောင်သုံးဦး ရွေးလိုက်ပါတယ်။ သူတို့ သုံးဦး ကနေပြီးတော့ ကျနော်တို့ ဒီနိုင်ငံရေး တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ ကျွန်တော်တို့ ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ” ဟု ၎င်းကပြောသည်။
ရွေးကောက်ပြီးနောက်တစ်လကျော်အကြာ ဒီဇင်ဘာ ၁၂ ရက်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် သတင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့ခေါင်းသုံးဦးဖြင့် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး၎င်းတို့မှာ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခမ်းနော်ဆန်တို့ဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းလိုက်သည့် အဖွဲ့အနေဖြင့် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး စတင်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“အမြန်ဆုံး ကျွန်တော်တို့ လုပ်ငန်းစပါမယ်။ အဓိကက ဘာလုပ်မလဲဆိုရင် ဒီတိုင်းရင်းသား ဒီ နိင်ငံရေးပါတီတွေရဲ့ သူတို့ရဲ့ လိုချင်တဲ့ သဘောထားကို ကျွန်တော်တို့ အရင်နားထောင်မယ်။ နောက်ပြီးတော့ ညှိနှိုင်း လို့ ရတဲ့ နေရာတွေမှာ သူတို့ ညှိနှိုင်းပြီးတော့ ဘုံသဘောထား ရရှိအောင်လုပ်မယ်။ ပြီးရင် ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်မှာ ပြန်လည် ဆွေးနွေးပြီး အတည်ပြုမှာပေါ့” ဟု ဒေါက်တာမျိုးညွန့်က ပြော သည်။
NLD ပါတီ၏ တိုင်းရင်းသားများနှင့် ပတ်သက်သည့် မူဝါဒမှာ ဒီမိုကရေစီ ဖက်ရယ်တည်ဆောက်ရေးဖြစ်ပြီး ၎င် တို့ရည်ရွယ်သည့် ပြည်ထောင်စုဆိုသည်မှာ ဒီမိုကရေစီအခွင့်အရေးများရရှိရန်နှင့် ဖက်ဒရယ်အရ တန်းတူ ညီမျှမှုရှိရေးတို့ဖြစ်ကာထိုအရည်အသွေးများနှင့်ပြည့်စုံရန်သာ အရေးကြီးကြောင်း ဒေါက်တာမျိုးညွန့်က ပြော သည်။
ယခုဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့အနေဖြင့် အစိုးရဖွဲ့စည်းရေးထက် အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေး ပုံသဏ္ဍာန်အား ဘုံသဘောထားရယူရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။
သို့သေလည်း် အစိုးရအဖွဲ့, ဖွဲ့ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများဖက်မှ တင်ပြလာပါက ထည့်သွင်းစဉ်းစားသွားမည်ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။
“တိုင်းရင်းသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပြည်ထောင်စု အစိုးရ ပြည်နယ်အစိုးရမှာ ပါ ဝင်သင့်တဲ့ သူတွေ သူတို့တင်ပြလာမယ်ဆိုရင်လည်း ဒါကျနော်တို့ ထည့်သွင်းစဉ်းစားရမယ်။ ပြည်လည် ညှိနှိုင်းရမယ်။ ဒါကတော့ ရှိပါတယ်။ တစ်ခါတည်းတော့ ပယ်ချမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့် လေးရက်အကြာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က NLD ပါတီက တိုင်းရင်းသား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးထားသည်။
အဆိုပါ စာပေးပို့ထားပြီး တစ်လအကြာတွင် NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် သုံးဦးပါသည့် တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
NLDအနေဖြင့် ယခုနှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၁၇ ရှိသည့်အနက် နေရာ ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့်ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။