ပါတီကိစ္စများဆောင်ရွက်သည်ဟုဆိုကာ ချောင်းဆုံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး စစ်ဆေးခံခဲ့ရကြောင်း အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယင်းသို့စစ်ဆေးခံရသူမှာချောင်းဆုံမြို့နယ် ကမာမိုကျေးရွာမှ အုပ်ရေးမှူးဦးမင်းယဉ်ထွေးဆိုသူဖြစ်ပြီး အုပ်ချုပ် ရေးမှူးတစ်ဦး၏လုပ်ဆောင်ချက်များနှင့်မညီဘဲ မွန်ညီညွတ်ရေးပါတီ (MUP) ၏ အောင်နိုင်ရေးကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ခြင်းကြောင့် လူစုလူဝေးဖြစ်ခဲ့သည်ဟုဆိုကာ ဒေသခံတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားခဲ့သဖြင့် ၎င်းကို ဒီဇင်ဘာ၁၀ရက်တွင်ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုင်တာကတော့ ပါတီကိစ္စတွေကို လုပ်လို့ဆိုပြီးတော့ တိုင်တာပါ။ ပါတီကိစ္စတွေမှာ ထဲထဲဝင်ဝင် ဆောင်ရွက်တဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့ မညီဘူး။ ဒါကြောင့်မလို့ စီစစ်ပေးပါဆိုပြီးတော့ တိုင်တာပါ” ဟု ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းက ပြောသည်။
ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍မဟုတ်မှန်တိုင်ကြားခြင်းသာဖြစ်ပြီး ၎င်းတိုင်ကြားသူသည် ပြိုင်ဘက်ပါတီတစ်ခု တစ်ခုမှ လူဖြစ်နိုင်ကာ ပါတီစွဲဖြင့်တိုင်ကြားခြင်းဖြစ်သည်ဟု ကမာမိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်း ယဉ်ထွေးပြောသည်။
“မွန်ညီညွတ်ရေးပါတီ(MUP) အောင်နိုင်ရေးလုပ်တာကို အိမ်ရှေ့မှာ လူစုလူဝေးနဲ့ ရန်ပွဲဖြစ်အောင် ဆိုပြီးတော့ သူတို့ ထားတယ်။ ထွေအုပ်ရုံးက ပြီးခဲ့တဲ့ရက်က တိုင်ကြားစာဖြေရှင်းရေးကော်မတီလို အဲ့လို အဖွဲ့ရှိတယ်။ သူ တို့ကနေပြီးတော့ မေးမြန်းတယ်။ မဟုတ်မမှန် တိုင်ကြားတဲ့အတွက် သူတို့အနေနဲ့ ပါတီစွဲနဲ့ တိုင်ကြားတဲ့ သူက လည်း ပါတီတစ်ခုက လူပဲဖြစ်မယ်” ဟု တိုင်ကြားခံရသည့် ကမာမိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းယဉ်ထွေးက ပြောသည်။
၎င်းသည် ကမာမိုကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်အား ၂၀၁၆ ခုနှစ်မှစတင်၍ ရရှိခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးကာလတစ်လျှောက် ကျေးရွာကိစ္စမှလွဲ၍ ပါတီကိစ္စများကို ဆောင်ရွက်ခြင်းမရှိဟု ဆိုသည်။
“ပါတီမှာ ၂၀၁၅ မှာတော့ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးဖြစ်ပြီးတဲ့ အခါကျတော့ ရပ်ရွာအကျိုးအတွက်လုပ်တယ်။ ပါတီက ပေါင်းစုံဖြစ်လာတဲ့အခါကျတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးမှာကြားချက်အရ ပါတီလုပ်ငန်းကိုရပ်ဆိုင်းရမယ်၊ မလုပ်ရဘူးဆိုတော့ ခုချိန်ထိ ပါတီလုပ်ငန်းကို ရပ်ဆိုင်းထားတာ ဘာမှကိုမလုပ်တော့ဘူး” ဟု ၎င်းကပြောသည်။
ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်တွင် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းဒေါက်တာအောင်နိုင်ဦးက ၁၅၄၇၇မဲဖြင့်အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမင်ကျော်လွင်က ၁၃၉၈၉ မဲဖြင့် ဒုတိယမဲအများဆုံးဖြင့် ရှုံးနိမ့်ခဲ့သည်။
“ဒီတိုင်ကြားမှုက ပါတီနိုင်ငံရေးမကင်းကြဘူးလို့ထင်တယ်။ ရှင်းရှင်းပြောရရင် ဒီရွာမှာဆိုရင် ကြံခိုင်ရေးပါတီ၊ NLD ပါတီ၊ မွန်ညီညွတ်ရေးပါတီ အဲ့သုံးခုအင်အားကြီးတယ်။ အခုရှုံးတဲ့အခါကျတော့ အဲ့တာတွေ မကင်းကြဘူး လို့ထင်တယ်။ ခုလက်ရှိအုပ်ချုပ်ရေးမှူးက ဘာမှအပြစ်မရှိဘူး။ သူတို့တိုင်ကြားတဲ့ကိစ္စကျတော့ တစ်ယောက်နဲ့ တစ်ယောက်မနာလိုတဲ့ ကိစ္စဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ကမာမိုကျေးရွာဒေသခံ ဦးထွန်းအောင်က ပြောသည်။
အလားတူ ကမာမိုကျေးရွာအနီး ဒေါင်းဥကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နိုဝင်ဘာ ၁၆ ရက်က တာဝန်မှရပ်စဲခံခဲ့ရပြီး ၎င်းအုပ်ချုပ်ရေးမှူးသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုများကို စာရင်းသွင်းရန် ဆောင်ရွက်ရာတွင် ငွေကြေးကောက်ခံသည်ဟုဆိုကာ တာဝန်မှရပ်စဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။