တပ်မတော်က စစ်လက်နက်များ ဝယ်ယူနိုင်ရေး နိုင်ငံတကာ စီးပွားရေးကွန်ရက်၏ အကူအညီကို ရရှိနေကြောင်း Justice for Myanmar (JFM) အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
တပ်မတော်ကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ကူညီပါဝင်မှုအတွက် အပြစ်တင်ခံရနိုင်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံလွှာတွင် ပါဝင်သည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ စာရင်း၌ ဩစတြေးလျ၊ ဩစတြီးယား၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဖင်လန်၊ ဂျာမနီ၊ ဂျပန်၊ နော်ဝေ၊ ရုရှားနှင့် အမေရိကန်တို့မှ ကုမ္ပဏီ ၁၉ ခု ပါဝင်သည်။
ကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းများ စာရင်းတွင် အမေရိကန်မှ Caterpillar, ပြင်သစ်နှင့် ဖင်လန် ဖက်စပ် Alcatel-Lucent, ဂျာမနီမှ Heidelberger Druckmaschinen AG, ဂျပန်မှ FANUC စသည်တို့ ပါဝင်သည်။
ကာကွယ်ရေး ဝန်ကြီးဌာန ဘတ်ဂျက် အဆိုပြုလွှာတွင် ပါရှိသည့် ပစ္စည်းအမျိုးအစားများသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများနှင့် တပ်မတော် စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ကူညီပေးနိုင်မည့် စက်ပစ္စည်းများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပစ္စည်းအများစုကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းအား ကြီးကြပ်ကွပ်ကဲသည့် စစ်ထောက်ချုပ်ရုံးက မှာယူခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ဆိုင်ရာ စာရွက်စာတမ်းများတွင် ဒီမိုကရေစီနည်းကျ စုံစမ်းစိစစ်မှုအတွက် လိုအပ်သည့် အသေးစိတ် အချက်အလက်များ ဖော်ပြခြင်း မရှိကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းမှ ရရှိနေသည့် ဝင်ငွေအမြောက်အမြားကို ထုတ်ဖော်ရန် ပျက်ကွက်နေသည်ကိုလည်း ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များက ဖော်ပြနေကြောင်းလည်း JFM ၏ သီးခြား ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
၂၀၂၀-၂၀၂၁ အတွက် အသေးစိတ် အချက်အလက် မပါဘဲ လွှတ်တော်သို့ တပ်မတော်က တောင်းခံမှုများတွင် ဒုံးညွှန်ကြားမှုစနစ်၊ တပ်မတော် (ရေ) အထူးလုပ်ငန်း စသည်တို့အတွက် ကျပ် ၇၀၈ ဘီလီယံကျော်၊ ရေကြောင်းရန် ကာကွယ်ရေး ပစ္စည်းများအတွက် ကျပ် ၁၉၇ ဘီလီယံကျော်၊ လေယာဉ် အဓိက အစိတ်အပိုင်းများ ဝယ်ယူရန် ကျပ် ၁၀၆ ဘီလီယံကျော်၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများအတွက် စက်ပစ္စည်းဝယ်ယူရန် ကျပ် ၉၉ ဘီလီယံကျော်၊ စစ်သုံးမော်တော်ယာဉ်များ ထုတ်လုပ်ရန် ကျပ် ၄၅ ဘီလီယံကျော်တို့ ပါဝင်ကြောင်း သိရသည်။
JFM ၏ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ သန်း တန်ဖိုးရှိ Airbus CASA C-295s လေယာဉ် နှစ်စင်းဝယ်ယူမှု၊ ယခင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က အသုံးပြုခဲ့သည့် A319-112 လေယာဉ်ကို အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ သန်း အကုန်ကျခံကာ အထူးတန်း VIP စီး လေယာဉ်အဖြစ် ဝယ်ယူပြောင်းလဲမှုတို့နှင့် ပတ်သက်သည့် သက်သေခံ စာရွက်စာတမ်းများကို ဖော်ပြခဲ့သည်။
C-295 လေယာဉ် ဝယ်ယူမှု အဆိုပြုလွှာတွင် Airbus အသိအမှတ်ပြုသင်တန်းနှင့် ဝယ်ယူမှုနောက်ပိုင်း ဝန်ဆောင်မှုများ ပါဝင်ပြီး A319-112 လေယာဉ် ဝယ်ယူ အဆင့်မြှင့်တင် ပြောင်းလဲခြင်းအတွက် ဗြိတိန်နိုင်ငံ အခြေစိုက် Swire Group ၏ ကုမ္ပဏီခွဲ HAECO Xiamen နှင့် စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။
JFM က အဆိုပါ စာရွက်စာတမ်းများကို စုံစမ်းဖော်ထုတ်ရေး သတင်းသမားများ နိုင်ငံတကာ ပူးပေါင်းအဖွဲ့ OCCRP သို့ ပေးပိုးခဲ့ပြီး ယင်းအဖွဲ့က ကုမ္ပဏီအချို့ကို စုံစမ်းထောက်လှမ်း သတင်းရေးသားကာ ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု စည်းမျဉ်းများ၏ ယိုပေါက်များကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
တပ်မတော် ခေါင်းဆောင်များနှင့် တပ်မတော်ပိုင် ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် တောင်းဆိုကြောင်း၊ Airbus နှင့် လုပ်ဖော်ကိုင်ဖက်များက သင်တန်းများနှင့် နည်းပညာ အထောက်အပံ့များ အပါဝင် တပ်မတော်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်နွယ်မှုများ အားလုံးကို မဖြစ်မနေ အဆုံးသတ်ရန်၊ မြန်မာနိုင်ငံ၏ နှစ် ၇၀ ကြာ ပြည်တွင်းစစ်နှင့် ပြည်သူများ၏ ဆင်းရဲဒုက္ခကို အဆုံသတ်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လှုပ်ရှားဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း JFM ၏ ပြောခွင့်ရသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။