ဖူးအိအိနွယ် — ကိုဗစ်ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှစပြီး ရောဂါကာကွယ်ရေး စံလုပ်ထုံးလုပ်နည်း (SOP) များနှင့်အညီ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်သည်။
လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ် ဝန်ထမ်းများနှင့် ခရီးသည်များအနေဖြင့် ကျန်းမာရေးအတွက် လိုက်နာရမည့် စံလုပ်ထုံးလုပ်နည်း (SOP) များကို မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးကြရမည် ဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက မဇ္ဈိမကို ပြောသည်။
“ကျန်းမာရေးအတွက် လိုအပ်တာတွေ ပါမှာပါခင်ဗျ။ RDT နဲ့ စစ်တာတွေ ပါမှာပါ။ SOP ကို ဝက်ဘ်ဆိုဒ်မှာ တင်ဖို့ အတည်ပြုချက် ရယူနေပါတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ နေပြည်တော်နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြေးဆွဲမည့် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က “ဒီလိုဖွင့်တဲ့အပေါ်တော့ ဝမ်းသာပါတယ်။ ကြိုတင် ပြင်ဆင်ထားတဲ့ အပိုင်းကတော့ ကျွန်တော်တို့ လေကြောင်းလိုင်းမှာဆိုရင် ကျွန်တော်တို့ လေယာဉ်မှူးတွေတင် မဟုတ်ဘူး၊ မြေပြင်ဝန်ဆောင်မှုတွေ ရှိတယ်။ သူတို့တွေလည်း Social Distancing (ခပ်ခွာခွာနေခြင်း) နဲ့ အလုပ်လုပ်ရမှာတွေ ရှိတယ်။ နောက် ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့Travel Gift (ခရီးသွား လက်ဆောင်) ထဲမှာ Mask ပါမယ်။ Face Shield ပါမယ်။ Glove (လက်အိတ်) ပါမယ်။ နောက် PPE ပါပါမယ်။ အဲ့လောက်ထိ ပြင်ဆင်ထားတယ်ပေါ့နော်” ဟု ပြောသည်။
လေယာဉ်စီး ခရီးသွားများ ကျန်းမာရေး စစ်ဆေးမှု ခံယူရေး၊ ကွာရန်တင်းဝင်ရန် လိုအပ်ခြင်း ရှိ၊ မရှိနှင့် မည်သည့် အထောက်အထားများ လိုအပ်မည်ဆိုသည့် အသေးစိတ်ကို စံလုပ်ထုံးလုပ်နည်း (SOP) ထုတ်ပြန်မှသာ အသေးစိတ် သိရမည်ဖြစ်ကြောင်း သိရသည်။
ပျံသန်းမည့် မြို့များမှာ ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ မန္တလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပူတာအို၊ ကလေး၊ လွိုင်ကော်၊ နေပြည်တော်တို့ ဖြစ်ပြီး ပြေးဆွဲမည့် လေကြောင်းလိုင်းများမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း၊ MAI, အဲသံလွင်၊ အဲကေဘီဇက်၊ ရွှေမြန်မာလေကြောင်း၊ မန်းရတနာပုံလေကြောင်းတို့ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ရာ ပြည်ပလေကြောင်း ခရီးစဉ်များကို မတ်လ ၂၉ ရက်နေ့က စတင်ရပ်ဆိုင်းခဲ့ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များကို စက်တင်ဘာလ နှောင်းပိုင်းက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
လေကြောင်းပို့ဆောင် ဆက်သွယ်ရေးသည် အဆက်အသွယ် ကောင်းမွန်ရေးနှင့် မြန်မြန်ဆန်ဆန် ကူးလူးဆက်ဆံနိုင်ရေးအတွက် ပြန်လည် တိုးတက်စေနိုင်မည့် အရာဖြစ်ပြီး အမိန့်ကန့်သတ်ချက် အချို့ကို ဖြေလျှော့ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လေကြောင်းများကို အစောဆုံး ပျံသန်းနိုင်ရေး စတင် စီစဉ်နေပြီဖြစ်ကြောင်းလည်း ဒီဇင်ဘာလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပါ။