ချင်းအက်ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီရွှေလျန်ပြော

ချင်းအက်ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီရွှေလျန်ပြော

လားနွန်  — ချင်းအမျိူးသမီးများအား ခွဲခြားဆက်ဆံမှုနှင့် နစ်နာမှုရှိစေသည်ဆိုသော ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Act) ကို လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ရန်ကြိုးပမ်းသွားမည်ဟု ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ထန်လတန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) မှ ရွေးချယ်ခံရသည့် ဒေါ်နီရွှေလျန်ကပြောသည်။

“ဘာပဲပြောပြော ကျမတို့အနေနဲ့ အဲဒီဥပဒေကို ပြင်ကိုပြင်သင့်တယ် ဒါပေမဲ့ ကျမအနေနဲ့တော့ ဥပဒေပညာရှင်လည်း မဟုတ်ဘူးဆိုတော့ ဘယ်နည်းဘယ်ပုံစံနဲ့ ပြင်ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး ဒါပေမဲ့ ခေါင်းထဲမှာတော့ ဒါဟာအမျိုးသမီးတွေအတွက် တကယ့်ကိုနစ်နာစေတဲ့ ဥပဒေကြီးဖြစ်တယ် ခေါင်းထဲမှာတော့ရှိနေတယ် ဒါပေမဲ့ ဘယ်ပုံ ဘယ်နည်းနဲ့ဝင်ပြီးမှလုပ်ပေးမယ်ဆိုတာကတော ဥပဒေပညာရှင်လမ်းဆိုတော့ ဥပဒေပညာရှင်တွေနဲ့လည်း ပူးပေါင်းပြီးမှ ဆက်လုပ်ရမယ့်အပိုင်းရှိတယ် လုပ်ချင်တဲ့စိတ်ဆန္ဒကတော့အပြည့်ဘဲ” ဟု ဒေါ်နီရွှေလျန်ကပြောသည်။

ဒေါ်နီရွှေလျန်သည် ယခုလက်ရှိတွင် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။

သူသည် ချင်းပြည်နယ်၏ ပထမဦးဆုံးသော ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် ယခင်နှင့် ယခုလွှတ်တော်သက်တမ်း (၁၀) နှစ်စလုံးတွင် ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်မျှမရှိခဲ့ပဲ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မှာ အမျိူးသမီးတစ်ဦးပါလာသည့်အပေါ်ဝမ်းသာကြိုဆိုကြောင်း ချင်းအက်ပြင်ဆင်ရေးပိုင်းတွင်လည်းအထောက်အကူဖြစ်လာမည်ဟုယုံကြည်ကြောင်း Ninu ခေါ် ချင်းအမျိူးသမီးအဖွဲ့ဒါရိုက်တာ Mai Len Nei Cer ကပြောသည်။

“ချင်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီးပါလာတာ ကောင်းတယ်၊ ဝမ်းလည်းသာတယ်၊ ဒါပေမယ့် အမတ် ၂၆ ယောက် လောက်မှာ အမျိုးသမီးတစ်ယောက်တည်းဖြစ်မှာဆိုတော့ သူ့ရဲ့အသံက ဘယ်လောက်ထိ ထွက်နိုင်မလဲဆိုတာ ထွက်လာ နိုင်မလဲဆိုတာ သိပ်တော့ မျှော်လင့်လို့မရဘူး၊ ဒါပေမယ့် အရင်က တစ်ယောက်မှ မရှိခဲ့ဘူးဆိုတော့ အခုလိုမျိုး ပါဝင်လာ နိုင်တာတော့ အရမ်းကောင်းတယ်လို့ မြင်တယ်၊ ကျမတို့အနေနဲ့က ချင်းပြည်နယ်လွှတ်တော်မှာ ချင်းအက်နဲ့ ပတ်သတ်တဲ့ ဟာတွေကို တောင်းဆိုနေတယ်၊ ချင်းအက်ကိုပြင်ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ အမွေဆက်ခံခွင့် ရနိုင်ဖို့ ကျမတို့အဖွဲ့အနေနဲ့တော့ ဖြစ်စေချင်တယ်” ဟု Mai Len Nei Cer ကပြောသည်။

ဗြိတိသျှကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ချင်းတောင်တန်းအတွက်အသုံးပြုရန် ၁၉၄၈ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ချင်းဝိသေသတိုင်းအက်ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ကြသည်။ ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဝိသေသတိုင်း(ပြင်ဆင်ချက်) အက်ဥပဒေကို ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ချင်းဝိသေသတိုင်း(ပြင်ဆင်ချက်) အက်ဥပဒေပါ ပုဒ်မ -၁၅ (က) တွင် အမွေဆက်ခံခြင်းနှင့်ပတ်သက်၍ အမျိူးသမီးများအား အမွေဆက်ခံပိုင်ခွင့်ပေးမထားသည်ကိုတွေ့ရှိရသည်။

ထို့ကြောင့် Ninu ချင်းအမျိူးသမီးအဖွဲ့အနေဖြင့် ထိုကဲ့သို့ဓလေ့ထုံးတမ်းများအရ အမျိူးသမီးများအား ခွဲခြားမှုရှိနေသည့် ဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်တောင်းဆိုလျက်ရှိပြီး ချင်းအက်ဥပဒေကြောင့် အမျိူးသမီးများနစ်နာခဲ့ရသည့်ဖြစ်ရပ် များဖော်ပြထားသည့် “အိမ်ရှင်ဖြစ်ခွင့်မရှိသည့် ဧည့်သည်များ” ဆိုသည့် စာအုပ်ကိုလည်း ထုတ်ဝေခဲ့ကြပြီးဖြစ်သည်။

ယင်းစာအုပ်တွင် ချင်းအသိုင်းအဝိုင်းတွင်း ပက်ထရီအာခီ (Patriarchy) စနစ်ဟုခေါ်သော သားတွေကသာ ဖခင်၏ မျိုးရိုး (သို့မဟုတ်) ဆွေမျိုးစုကို ဆက်ခံနိုင်ပြီး ဆုံးဖြတ်ချက်ချသည့်နေရာတွင် အမျိုးသမီးများအား ပါဝင်ခွင့်မပေးထားသည့်အပြင် အမွေဆက်ခံခြင်း၊ လက်ထပ်ထိမ်းမြှားခြင်းနှင့် ကွာရှင်းပြတ်ဆဲခြင်းနှင့် အခြားသော နယ်ပယ်အသီးသီးတွင် အမျိုးသမီးများအား ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့်နေရာ၌ ပါဝင်ခွင့်မပေးထားကြောင်း ဖော်ပြထားသည်။

Most read this week

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...