အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သက်၍ ယခုအချိန်ထိ တရားဝင် ကမ်းလှမ်မှုမျိုးမရှိသေးကြောင်း တိုင်းရင်းသားပါတီများက ပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD အနေဖြင့် အစိုးသစ်ကိုဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေး အစိုး ရအဖြစ်ဖွဲ့မည်ဟု ပြောဆိုမှုများရှိနေခြင်းဖြစ်သည်။
မွန်ညီညွတ်ရေးပါတီ (MUP) အထွေထွေအတွင်းရေးမှူး ၁ နိုင်လယိတမက “အမျိုးသားညီညွတ်ရေးကိစ္စ NLD အနေနဲ့ ကျွန်တော်တို့ ပါတီကို တစ်ရာဝင် ပြောလာတာ မရှိသေးပါဘူး။ ကျွန်တော်တို့ဆီ ဘာမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးတဲ့အတွက် အဲဒီကိစ္စကို ကျွန်တော်တို့ အခုအချိန်ထိတော့ ဘာမှ မစဉ်းစားဖြစ်သေးဘူး” ဟု ပြောသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ NLD ဘက်မှ ဆက်သွယ်ကမ်းလှမ်းမှု မရှိသေးသော်လည်း အမျိုးသားညီ ညွတ်ရေးအစိုးရဆိုသည့်အတိုင်း လက်တွဲလုပ်ဆောင်ရန်လိုလားသည်ဟု ကချင် ပြည်နယ်ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“စကားအားအဖြစ် ပြောတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဘာမှမရှိပါဘူး။ ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူး။ တကယ်လို့များဖြစ်ရင်လည်း သူတို့ အလိုကျပဲ ဖြစ်လာမှာပါ။ ဒီညီညွတ်ရေး အစိုးရဆိုရင် တကယ်ပဲ ညီညီညွတ်ညွတ်နဲ့ အနာဂတ်ကို တကယ်လက်တွဲဆောင်ရွက်ဖို့ပဲ ကျွန်တော်တို့ လိုလားတာပါ။”
အထက်ပါကိစ္စနှင့်ပတ်သက်၍ KySDP ပါတီကို တရားဝင်ကမ်းလှမ်းလာခြင်း မရှိသော်လည်း NLD ပါတီနှင့် KySDP ပါတီတို့ အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ အလွတ်သဘော ချိတ်ဆက်ကာ ညှိနှိုင်းမှုများရှိကြောင်း ပါတီအတွင်းရေးမှူး ဦးသဲရယ်က ဖွင့်ဟခဲ့သည်။
“ကျွန်တော်တို့ဘက်ကနေပြီးတော့မှ ဦးခင်မောင်ရီပေါ့။ ဦးခင်မောင်ရီကနေပြီးတော့မှ တာဝန်ယူပြီး NLD ဘက် တစ်ချို့သော လူတွေကိုနည်းနည်း ချိတ်ဆက်တဲ့ အပိုင်းတွေရှိတယ်။ သို့ပေမယ့် တရားဝင်ရယ်လို့လည်း မဟုတ်ဘူးပေါ့နော်။ အဲလိုပဲ အလွတ်သဘောနဲ့ သူတို့ ချိတ်ဆက်ဆောင်ရွက်တဲ့ အပိုင်းတွေရှိတယ်။ နောက်ပြီးတော့မှ အစိုးရပြောရမှာပေါ့။ လက်ရှိ NLD ကလည်း အမျိုးသားညီညွတ်ရေး အစိုးရဖြစ်လာဖို့ ပြင်ဆင်နေတဲ့ ဆိုတဲ့ဟာမျိုးလောက်ပဲ ကျွန်တော်တို့ကြားမှာ ဆွေးနွေးညှိနှိုင်းပြီး သတင်းအချက်အလက် မျှဝေတာတွေလောက်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ဟာတွေကတော့ ထွေထွေထူးထူး မရှိသေးပါဘူး” ဟု ၎င်းက ]ပြောသည်။
ရွေးကောက်ပွဲကျင်းပပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက်က NLD က တိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ခုထံသို့ အိတ်ဖွင့်စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများ ကို ပေးပို့ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
အဆိုပါစာထဲတွင်ပါသည့် အကြောင်းအရာအရ ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ခေါ်ထားသည့် စာမဟုတ်သကဲ့သို့ စဉ်းစာရန် ကမ်းလှမ်းချက် တစ်ခုလည်း မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီများအား နှိုးဆော်ထားသည့်စာဖြစ်သည့်အတွက် အကြောင်းမပြန်တော့ပဲ အသိအမှတ်ပြုကြောင်း မှတ်တမ်းတင်ထားသည်ဟု မွန်ပြည်သစ်ပါတီ MUP ထွေထွေအတွင်းအရေးမှူး ၁ နိုင်လယီတမက ဆိုသည်။
“အကယ်၍ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ကမ်းလှမ်းလာတဲ့ အချက်တွေအပေါ်မှာ ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်မယ်။ အဲဒီကမ်းလှမ်းလာတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က တွေ့ဆုံသင့်၊ မတွေ့ဆုံသင့်ဆိုတာ အဲဒီအချိန်မှပဲ ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်မည်ဆိုပါက NLD ပါတီ အနေဖြင့် ၁၉၄၇ ပင်လုံ စာချုပ်ပါ ကတိကဝတ်များအတိုင်း လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်လိုကြောင်း KSPP ပါတီ ဒု - ဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းက တိုက်တွန်းသည်။
“လက်တွဲဆောင်ရွက်ဖို့မလိုဘူး အတူတကွလုပ်ဖို့ လိုဘူးဆိုပြီးမှ အခုတော့ လုပ်မယ်ဆိုတဲ့ဟာမျိုးကျတော့ ကျွန်တော်တို့ ယုံကြည်ဖို့ခက်ပါတယ်။ ယုံကြည်ဖို့လည်း ကျွန်တော်တို့က ဘယ်လိုမှ လက်ခံနိုင်စရာလည်း အကြောင်းမရှိပါဘူး။ အဓိက လက်တွေ့ဆောင်ရွက်ပြီးမှ အနာဂတ် ညီညွတ်ရေးအစိုးရနဲ့ အနာဂတ်ကို အဓိက တိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကတော့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အကောင်အထည် ဖော်ဖို့လိုတယ်ဆိုတဲ့ဟာကို ကျွန်တော်ပြောလိုပါတယ်” ဟု ဦး ကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
NLD ပါတီကဖွဲ့စည်းမည့် အမျိုးသားညီညွတ်ရေးအစိုးရအား တိုင်းရင်းသားပါတီများ ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် လမ်းကြောင်းနှစ်ခုစဉ်းစားထားကြောင်း KySDP အတွင်းရေးမှူး ဦးသဲရယ်က ပြောသည်။
“ကျနော်တို့ရဲ့ စဉ်းစာချက်ကတော့ ပြည်ထောင်စုအစိုးရထဲမှာကလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်တဲ့ ဝန်ကြီးဌာနလို ဟာမျိုးကိုလည်း ဒါ စဉ်းစားပေးမလား။ သို့မဟုတ် ကျနော်တို့ တိုင်းရင်းသား ပြည်နယ်ကိုယ်စားပြုတဲ့ပါတီ ငါးပါတီအပြင်ပေါ့နော်၊ ရခိုင် အပါအဝင်ဆို ခြောက်ပါတီပေါ့။ အဲဒီပါတီတွေရဲ့ပါဝင်မှုကိုလည်း NLD အနေနဲ့ လက်ခံစဉ်းစားပေးမလား ဆိုတဲ့ဟာမျိုးတွေပေါ့နော်။ ကျွန်တာ်တို့ကတော့ လမ်းကြောင်းနှစ်ခုပဲ စဉ်းစားထားသေးတယ်” ဟု ၎င်းကပြောသည်။