ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ ထုတ်မပေးသည့်ကိစ္စအား နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြင့်စိန်က ပြောသည်။
ယခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးသည် ၎င်းတို့၏ မဲရလဒ်များကို ရှင်းရှင်းလင်းလင်းသိလိုသဖြင့် ရွေး ကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ရယူလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းခံရာ ထုတ်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကော်မရှင်ကို တာဝန်ခံတဲ့ နိုင်ငံတော်သမ္မတ ထံတင်ပြရမည့် သဘောရှိတော့တာပါ” ဟု ဦးအောင်မြင့်စိန်က ပြောသည်။
အဆိုပါကိစ္စအား ၎င်းတို့အနေဖြင့် ယခုရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတထံတင်ပြနိုင်ရန် သက်သေစုဆောင်း ခြင်းများလုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ဒီတစ်ရက်၊နှစ်ရက်အတွင်းမှာပဲ တင်နိုင်အောင်လုပ်မယ်။ အခုက လိုအပ်တဲ့သက်သေအထောက်အထားတွေ လိုက်စုပြီး တင်ပြဖို့အကြမ်းရေးနေပါတယ်။ အခုလ ၁၅ ရက်လောက်တင်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်” ဟု ဦးအောင်မြင့်စိန်က ပြောသည်။
သံဖြူဇရပ် မဲဆန္ဒနယ်ရှိ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာ ၁၂ ရက်က စာပို့တောင်းခံခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ကူးယူခွင့်မရှိကြောင်း စာပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အချက်အလက်အချို့ရှိတယ်။ အဲ့တာတွေကို ခိုင်မာအောင်လုပ်ဖို့အတွက် စာရွက်စာတမ်းတောင်းတယ်။ သူတို့က မခိုင်မာရင်မတောင်းနဲ့ဆိုတော့ ခိုင်မာနေမှတော့ ဘာလို့တောင်းတော့မှာလဲ။ ဟိုဘက်က တပ်ဘက်က တောင်းတာတော့ ဘာတွေ မသိဘူး။ ဒီတစ်ကြိမ်စဉ်စားထားတာ တိုင်ပင်ပြောဆိုထားကြတာက ရှိတဲ့အချက် တွေကြောင့် သံသယဖြစ်တယ်။ ဘယ်လိုဆက်လက်အရေးယူမလဲဆိုတာ သမ္မတရုံးကို စာတင်တာမျိုး ထုတ်ပြန် စာ ထုတ်တာမျိုး လုပ်သွားမယ်” ဟု သံဖြူဇရပ်မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ ဦးထွန်းမြင့်ကျော်က ပြောသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌သာ မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမက ၂၀၆၆၈ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်မဲဆန္ဒနယ်များဖြစ်သည့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် NLD မှ ဦးမြင့်ဦးက ၂၂၆၃၀ မဲဖြင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD မှ ဦးညဏ်ဟိန်းက ၃၅၃၃၀ မဲဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်အမှတ် ၈ တွင် NLD မှ ဒေါ်မြတ်သီတာထွန်းက ၃၅၀၂၈ မဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒနယ်မြေများတွင် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများမဲရရှိမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ဦးထွန်းမြင့်ကျော် ၁၂၃၁၈ မဲ၊ ပြည်သူ့လွှတ်တော်နေရာတွင် ဦးအောင်မြင့်စိန် ၂၉၆၉၁ မဲနှင့် အမျိုးသားလွှတ်တော် အမှတ် ၈ တွင် ဦးနိုင်ဦးက ၃၂၆၄၅ မဲရရှိကာ ရှုံးနိမ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။