ရခိုင်ပြည်နယ်ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် သတ်မှတ်ရက် တစ်ရက်သာကျန်ရှိချိန် ဒီဇင်ဘာ ၉ ရက်အထိ ၁၀ ဦးသာကျန်ရှိတော့ကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။
နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်) အပါအဝင် ၁၅၄ ဦးရှိသည့်အနက် ၁၄၄ ဦး တင်သွင်းထားပြီးဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် စစ်တွေခရိုင်၌ ၁၇ ဦးတွင် လေးဦး၊ သံတွဲခရိုင်၌ ၅၆ ဦးတွင် လေးဦးနှင့် ချင်းတိုင်းရင်းသားလူမျိုးနေရာ၌ ရှစ်ဦးတွင် နှစ်ဦးကျန်ရှိနေခြင်းဖြစ်ပြီး ကျောက်ဖြူခရိုင်တွင် ကိုယ်စားလှယ်လောင်း ၇၃ ဦးရှိရာ ၇၃ ဦးစလုံး တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။
“ဒီဇင်ဘာ ၁၀ ရက်နောက်ဆုံးဆိုတော့ ကျန်နေတဲ့သူတွေက ၁၀ ရက်နေ့အပြီး လာတင်ကြမယ်လို့ပြောတယ်” ဟု စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ဦးကပြောသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းလျှင် သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခြင်းခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။
ရခိုင်အမျိုးသားပါတီ (ANP) မှ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူများ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားပြီးဖြစ်သည်ဟုသိရကြောင်း ၎င်းပါတီမှ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
“ANP ပါတီမှအနိုင်ရတဲ့ကိုယ်စားလှယ်တွေရော၊ အနိုင်မရတဲ့ ကိုယ်စားလှယ်လောင်းတွေရော ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူတွေအကုန်လုံ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းပြီးကြပြီလို့ သိထားတယ်” ဟု ၎င်းကပြောသည်။
ရွေးကောက်တင်မြောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ကို ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းကြရမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။
ရခိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်ေတာ်ကိုယ်စားလှယ်လောင်းများသည် သတ္မွတ္ထားသည့် ရွေးကောက်ပွဲအသုံးစရိတ်ထက် ကျော်လွန်တင်ပြခြင်းမရှိသလို ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သတ်ပီး တိုင်းကြားမှုများလည်းမရှိကြောင်း သက်ဆိုင်ရာကော်မရှင်အသီးသီးက တာဝန်ရှိသူများထံမှ သိရသည်။