ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသည့် ရာချီသော ပြည်သူများ အစိုးရသစ်လက်ထက်တွင် နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမှ ပြည်သူရှစ်ရာနီးပါးသည် စစ်ဘေးရှောင်စခန်းအသီးသီးတွင် အခက်အခဲအမျိုးမျိုးဖြင့် ဆယ်စုနှစ် တစ်စုနီးပါးကြာ နေထိုင်ခဲ့ရပြီး ယခုအခါ ၎င်းတို့၏ မူလနေရပ်ဖြစ်သော ဒဘတ်ယာန်ကျေးရွာသို့ အစိုးရသစ် လက်ထက် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်နိုင်မည်ဖြစ်ကြောင်း ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) မှ ဒုတိယ အတွင်းရေးမှူး ၃ ဦးခါးလီက ပြောသည်။
အဆိုပါစစ်ဘေးရှောင်များ ၎င်းတို့၏နေရပ်ဖြစ်သော ဒဘတ်ယာန် ကျေးရွာတွင်ပြန်လည် နေထိုင်နိုင်ရေးအ တွက် နယ်မြေရှင်းလင်းခြင်း၊ အိမ်ထောင်စု စီစစ်ခြင်း၊ မြေစာရင်းများ တိုင်းယူခြင်း စသဖြင့် လုပ်ငန်းများကို ရွေးကောက်ပွဲအပြီး ငါးရက်အကြာ နိုဝင်ဘာ ၁၂ ရက်ကတည်းက လုပ်ဆောင်ထားကြောင်း ၎င်းကဆက်လက် ပြောသည်။
“လူဦးရေက ခုနှစ်ရာကျော်၊ ရှစ်ရာနီးပါး ရှိပါတယ်။ အားလုံး စီစစ်ပြီး သူတို့ကျေးရွာမှာ မိုင်းလည်း ရှင်းပြီးမယ်ဆိုရင်တော့၊ ဒီ နိုဝင်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေဝင်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက် လုပ်ရေးက ဖေဖော်ဝါရီမှာ ပြီးမယ်လို့ ခန့်မှန်းထားတယ်။ ဒါကြောင့် နောက်အကျဆုံး မတ်လလောက်တော့ အားလုံးပြန်နိုင်မယ်” ဟု ဦးခါးလီက ပြောသည်။
လက်ရှိစာရင်းများအရ နေရပ်ပြန်မည့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၁၆ စုနှင့် ယခင်က အစိုးရကို စာရင်းပေးထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စု၊ လူဦးရေ ရှစ်ရာနီးပါးရှိသည်ဟု ဆိုသည်။
နေရပ်ပြန်မည့် စစ်ဘေးရှောင်စာရင်းများ ကောက်ယူစီစစ်မှုများ လုပ်ဆောင်နေသကဲ့သို့ စစ်ဘေးရှောင်များ လုံခြုံစွာ နေရပ်ပြန်နိုင်ရန်အတွက် နေအိမ်များနှင့် အနီးတစ်ဝိုက်ကို မိုင်းရှင်းလင်းရေးလုပ်ငန်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
မိုင်းရှင်းလင်းရေးလုပ်ငန်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ယူလုပ်ဆောင်လျက်ရှိပြီး မိုင်းရှင်းလင်းရေးကို ဦးစားပေးအဆင့်အလိုက်လုပ်ဆောင်သွာမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စာသင်ကျောင်းတို့ ဘုရားကျောင်းတို့ ဆေးခန်းတို့ ဆေးရုံတို့ အုပ်ချုပ်မှု အဆောက်အဦးတို့ အဲဒါတွေကို ကျွန်တော်တို့ ဦးစားပေး အရင်ရှင်းမယ်။ ရှင်း ပြီးသွားရင်ဒါ ဒေသခံပြည်သူတွေ နေတဲ့ နေအိမ်တွေ၊ နေအိမ်မရှိ တော့ရင်လည်း ခြံဝန်းတွေကို ကျွန်တော်တို့ ဆက်လက်ရှင်းပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ရက် တည်းနဲ့တော့ အိမ်ထောင်စု နှစ်ရာလုံးကိုတော့ ရှင်းပေးလို့တော့ မရပါဘူး။ အဲတော့ တစ်နေ့ကို အိမ်ထောင်စု ခြောက်စုဖြစ်ရင်ဖြစ်မယ် ရှစ်စုဖြစ်ရင်ဖြစ်မယ်” ဟု ၎င်းကပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC နှင့် KHCCတို့တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဒေါက်တာ ခါလမ်ဆမ်ဆွမ်တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံရာတွင် စစ်ဘေးရှောင်များ လုံခြုံစွာ နေရပ်ပြန်နိုင် ရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းလုပ်ဆောင်မည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒဘတ်ယာန်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ကျေးရွာဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများမှာ တိုက်ပွဲများကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိပြီဖြစ်သည်။
ဒေသခံများအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲအမျိုးမျိုးဖြင့် နှစ်ရှည်နေထိုင်နေရပြီးနောက် ယခုလိုနေရပ်ပြန်ရမည့်အပေါ် ပျော်ရွှင်မိကြောင်း ဝိုင်းမော်မြို့နယ် မိုင်းနား (RC) စစ်ဘေးရှောင်စခန်းမှ ဒေါ်ဇနန်းက ပြောသည်။
“ကျွန်မတို့ရွာမှာ ပြန်သွားနေရမယ်ဆိုတော့ ပျော်တာပေါ့။ မိုင်းနားမှာတော့ ကျွန်မတို့ တောကလူတွေတော့ ရှာစားလည်းမတတ်ဆိုတော့၊ တောမှာပဲ နေချင်တာပေါ့။ အခုခြံနဲ့နေလည်း ဒီမှာ လွတ်လွတ်လပ်လပ် မနေရလို့ မပျော်ဘူးပေါ့။ အိမ်ပြန်ရမယ်ဆိုတော့ အခုတော့ စိတ်ပျော်သွားတယ်လေ” ဟု ၎င်းကပြောသည်။
မိုင်းနား (KBC) စခန်းမှ ကိုဆွတ်အောင်ကလည်း “စစ်ရှောင်ပြီး ကျွန်တော်တို့ ကိုယ့်ဒေသကို ကိုယ်ပြန်လာရမယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ အဓိကကတော့ လုံခြုံမှုပေါ့။ လုံခြုံမှုကို အဓိကရချင်တာပေါ့နော်” ဟု ပြောသည်။
အစိုးရဧရိယာထဲတွင်ရှိသည့် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်သကဲ့သို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက်လည်း KHCC အနေဖြင့် အစိုးရ၊ တပ်မတော်၊ KIO တို့နှင့် ညှိနှိုင်းထားမှုများအရ သဘောတူမှုများလည်း ရရှိထားသည်ဟုဆိုသည်။
ဦးခါးလီက “ဒီလက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တဲ့ သက်ဆိုင်ရာ တာဝန်အရှိဆုံး အဖွဲ့အစည်းများနဲ့လည်း ညှိနှိုင်းပြီးသားဖြစ်တဲ့အတွက်၊ ဒီနေရာကို ပြန်မယ်လို့ တင်ပြပြီးသားဖြစ်တဲ့အတွက် ကျွန်တော်အတွက်တော့ ဒါ အတိုင်းအတာတစ်ခုမှာ လုံခြုံတယ်လို့ ခံယူလို့ရပါတယ်။ ယူဆလို့ရပါတယ်။ သက်ဆိုင်ရာ KIA/KIO အဖွဲ့ကိုလည်း ကျွန်တော်တို့ ဒီ ၁၇ ရွာမှာ ပြန်နေမယ်လို့ ပြောတဲ့အပိုင်းကို သူတို့ လည်း သဘောတူပြီးသား ဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေလည်း တပ်ပိုင်းဆိုင်ရာကအစ အကုန်လုံး ဒီနေရာမှာ ပြန်မယ်လို့ အားလုံးသဘောတူတဲ့ နေရာဖြစ်တဲ့အတွက် ဒါတော့ အတိုင်း အတာ တစ်ခုမှာ လုံခြုံတယ် စိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအပြင် နေရပ်သို့ ပြန်လည်ရောက်ရှိပါက နေထိုင်စားသောက်ရေးအတွက် KHCC က အနည်းဆုံးသုံးလမှ အများဆုံးခြောက်လအထိ တာဝန်ယူသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဒေသခံများ၊ ဒေသတွင်း သွားလာလုပ်ကိုင်စားသောက်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးခါးလီက “ဒီမှာပြန်လာရင်တော့ ဒီဖက်မှာ သူတို့ရောက်ရောက်ချင်းတော့ သူတို့တွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ အနည်းဆုံးသုံးလကနေ အများဆုံး ခြောက်လအထိ ကျွန်တော်တို့ တစ်ခါတည်း ကူညီ ပေးနိုင်အောင်လို့ စီစဉ်နေတယ်။ ပြီးတော့ ကိုယ့်ခြံဝန်းမှာ နေပြီးတော့ လုပ်ကိုင်စားသောက်မယ့် အသက်မွေးကြောင်း လုပ်ငန်းစီစဉ်ပေးမယ်။ ဒါပေမယ့် အဲဒီထက်ကျယ်ပြန့်ပြီးတော့ လုပ်မယ်ဆိုရင်တော့ ခုနပြောတဲ့ မိုင်းရှင်းလင်းရေး ဘာတို့ပြီးမှ စီစဉ်ရမယ့်အပိုင်းလေးတွေ ရှိပါတယ်” ဟုပြောသည်။
ထို့ကြောင့် လာမည့်အစိုးရအသစ်အနေဖြင့် နေရပ်ရင်းကိုပြန်မည့် စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးအပြင် ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း ကူညီလုပ်ဆောင်ပေးစေလိုသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကိုဆွတ်အောင်ကလည်း “အဓိကက ကျနော်တို့ရဲ့ ဒေသခံပြည်သူတွေက ခြံတွေ တောင်ယာတွေ အဓိက လုပ်ကိုင်စားသောက်နေရတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ ကျွန်တော်တို့ ဒီမှာ ပြန်လာနေထိုင် ရပြီဆိုရင် တောင်ယာတို့ ခြံတို့ကို အဓိက ပြန်ပြီးမှ လုပ်ကိုင်စားသောက်ကြမှာ ဖြစ်ပါတယ်။ အဲလိုဆို တော့ နှစ်ဖက်စ လုံးပေါ့နော်။ ကျွန်တော်တို့ ပြည်သူတွေကို ဘာမှ ထိခိုက်မှုမရှိဘဲ လုံလုံခြုံခြုံနဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ဆန္ဒရှိတာပေါ့” ဟုပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စ၍ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် သွားရောက်နေထိုင်နေရသည်မှာ ယနေ့အချိန်အထိဖြစ်သည်။