ပိုးကရင်အဆိုတော် စစံမင်းနှင့်မေးမြန်းခြင်း

ပိုးကရင်အဆိုတော် စစံမင်းနှင့်မေးမြန်းခြင်း

“အွန်လိုင်းပေါ်တင်ရင်လည်း ပိုက်ဆံကမရဘူး။ အခုသီချင်းတစ်ပုဒ်လုပ်ရင် အနည်းလေး ၃ သိန်းပဲ။ သီချင်းတစ်ပုဒ် ၃ သိန်းဆိုတာက အနုပညာသမား တစ်ယောက်အနေနဲ့အတော်ကို ခက်ခဲပါတယ်။” အဆိုတော် စစံမင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဥယျာဉ်စုကျေးရွာတွင် လက်ရှိနေထိုင်သည့် အနောက်ပိုးကရင်အဆိုတော် တစ်ဦးဖြစ်သူ စစံမင်းကို ကေအိုင်စီ-ကရင်သတင်းဌာနမှ မေးမြန်းထားခြင်းဖြစ်သည်။

စစံမင်းသည် အနောက်ပိုးကရင် တေးသီချင်းနယ်ပယ်တွင် နာမည်တစ်ခုရရှိထားသူဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်ကာ အနောက်ပိုးကရင် တစ်ကိုယ်တော်ခွေနဲ့အတွဲခွေအပါအဝင် စီးရီးခွေ ၈ ခွေထုတ်လုပ်သီဆိုထားသူဖြစ်သည့်အပြင် အနောက်ပိုးကရင် ဇာတ်ကား ၂ ကားတွင်လည်း ဒါရိုက်တာအဖြစ်တာဝန်ယူ ရိုက်ကူးထားခဲ့ဖူးသူလည်းဖြစ်သည်။

မေး ။    ။ လက်ရှိ အနောက်ပိုးကရင် ဂီတနယ်ပယ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။

 လတ်တလောအခြေအနေအရတော့ ကျနော်တို့အနောက်ပိုးတေး သံရှင်တွေရဲ့လှုပ်ရှားမှုအပိုင်း မှာတော့ နည်း နည်းအားနည်းသွားတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိကိုဗစ်ကာလလည်းဖြစ်၊ သွားလာရေးမှာလည်း အခက်အခဲရှိတယ်။ အဓိကအကျဆုံးအချက်ကတော့ ကျနော်တို့ဆီမှာ VCD /DVD တို့ခေတ်ကုန်သွားတော့ အခွေလုပ်ဖို့က အရမ်းပြဿနာဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ အခွေထုတ် လုပ်မှုအပိုင်းမှာ အရှုံးတွေပြတာများ တယ်ဆိုတော့ အခွေတွေမရောင်းရဘူး။ VCD / DVD မသုံးကြတော့တဲ့ အတွက် အခွေထုတ်တဲ့ အပိုင်းပဲရှိတယ်။ ဖြန့်ချိရေးအပိုင်းမှာလုံး၀ မရှိသလောက်ကိုဖြစ်နေတယ်။ အဲဒီအတွက် အခွေထုတ်လုပ်မှုအပိုင်းလျော့ သွားတဲ့အခြေအနေတွေဖြစ်နေတာပေါ့။

မေး ။    ။ သီချင်းခွေထွက်တာ လျော့နည်းသွားပေမယ့် ကိုယ့်အနောက်ပိုးကရင်ပရိသတ်တွေ ရဲ့ အားပေးမှု အခြေအနေကရော ဘယ်လိုရှိပါလဲ။

 ကိုယ့်ကရင်ပရိသတ်တွေ အနေနဲ့က အားပေးမှုအပိုင်းမှာ လျော့နည်းသွားတာတွေလည်းရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထုတ်လုပ်မှုအပိုင်းမှာတီထွင်ဆန်းသစ်မှုတွေ အများကြီးလိုအပ်လာတယ်။ နောက်ပြီး ဒီဘက်မှာက လုပ်ချင် ပေမယ့် အရင်းအနှီးအခက်အခဲတွေရှိတယ်။ ပထမထုတ်တဲ့သီချင်းခွေအောင်မြင်မှု ပေါ်မူတည်ပြီး နောက်တစ်ခွေအတွက် အားပြန်ဖြည့်ရတဲ့သဘောဆိုတော့ နောက်ခံတွန်းအားကောင်းကောင်း မရှိရင် မလွယ်လှပါဘူး။ အခက်အခဲတွေ အမျိုးမျိုးကြောင့် ကိုယ်ချပြချင်တာလေးတွေကို ပြည့်ပြည့်၀၀မလုပ်ပေးနိုင်တော့ ပရိသတ်တွေ အားပေးမှုကလည်း ဒါနဲ့ဆက်စပ်မယ်ထင်ပါတယ်။

ဒါပေမယ့် အခုအနောက်ပိုးကရင်မျိုးဆက်သစ်လေးတွေက အရမ်းများလာတယ်။ ဒါပေမယ့် သူတို့ရဲ့ကံမကောင်း ဘူးလို့ပဲ ပြောရမလားတော့မသိဘူး။ သူတို့လုပ်ချင်တဲ့အချိန်နဲ့လက်ရှိဖြစ်နေတဲ့အတိုင်းအတာနဲ့က နည်းနည်းလွဲနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့လုပ်ချင်စိတ်တွေရှိတယ်။ လုပ်နိုင်တဲ့အရည်အချင်းလည်းရှိတယ်။ အခုဆို VCD DVD  ခေတ်ကုန်ပြီ။ သူတို့ထုတ်ဖော်ချင်တဲ့အနုပညာကို ထုတ်ပြနိုင်တာက အခု Online ပဲရှိတယ်။ အွန်လိုင်းပေါ်တင်ရင်လည်း ပိုက်ဆံကမရဘူး။ အခုသီချင်းတစ်ပုဒ်လုပ်ရင် အနည်းလေး ၃ သိန်းပဲ။ သီချင်းတစ်ပုဒ် ၃ သိန်းဆိုတာက အနုပညာသမား တစ်ယောက်အနေနဲ့အတော်ကိုခက်ခဲပါတယ်။ မိသားစုကအားပေးတဲ့သူဆိုရင်တော့ ပြဿနာမရှိပေမယ့် ကိုယ်ထူကိုယ်ထဝါသနာအရဆိုရင်တော့ အရမ်းကိုခက်ခဲပါတယ်။

မေး ။    ။ သီချင်းခွေတစ်ခွေဖြစ်မြောက်ဖို့ ဘယ်လိုကြိုးစားအားထုတ်မှုတွေ ပြုလုပ်ရပါလဲ။

ဝါသနာအရင်းခံရမယ်။ ငွေကြေးရယ်၊ အချိန်ရယ်ပေါ့။ နောက်ပြီးကိုယ်ပိုင်အရည်အသွေးအပြင်ကို ပံ့ပိုးကူညီမှုကောင်းတွေလည်းလိုပါတယ်။ အဖက်ဖက်ကပေါ့။ သီချင်းတစ်ခွေဖြစ်ဖို့က နံပါတ်တစ်အနေနဲ့ သီချင်း အရင်ရှာရတယ်။ ကိုယ်ပိုင်သီချင်းရေးတတ်သူ ဒါမှမဟုတ် ကိုယ်ရေးတတ်တဲ့ကိုယ်ပိုင်သီချင်းရှိထားရင်တော့ သူ့အတွက် သက်သာတာပေါ့။ သီချင်းတီးခတ်ပေးဖို့အတွက် Band ပေါ့။ အဲဒီအတွက်ကုန်ကျစားရိတ်တွေရှိမယ်။ Studio ကြေးတွေရှိမယ်။ One section ဆိုရင်ဘယ်လောက်ပေါ့။ တစ်ခွေစာအတွက်ဆိုရင်တော့ section တွေအများကြီး ကုန်တာပေါ့။ အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့အတွက် ရင်းရတာတွေအများကြီးပါပဲ။

မေး ။    ။ လက်ရှိဒီလိုအကြောင်းအရာ အခြေအနေတွေမှာ ကရင်အနုပညာရှင်တစ်ယောက်ရဲ့ ရှင်သန်ရပ်တည်မှု အ ပေါ်ဘယ်လောက်အထိ သက်ရောက်မှုရှိပါလဲ။

 အဆိုရှင်တစ်ယောက်ရဲ့ ရလဒ်က ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရှိုးပွဲတွေက အဓိကရလဒ်ပေါ့။ အခု ဒီကိုဗစ်ကာလနဲ့ကတော့ ပွဲတွေရဖို့က လုံးဝကို အဆင်မပြေတော့ဘူး။ ကန့်သတ်မှုတွေ ရှိတဲ့အခါကျတော့ အနုပညာ သမားတွေအတွက် ထွက်ပေါက်တော့ခက်ခဲလိမ့်မယ်။ တကယ်လို့ ပွဲရှိလို့ ခေါ်ခဲ့ရင်တောင်မှ သွားလာဖို့က မနည်းပြန်စဉ်း စားရတဲ့အခြေအနေတွေဖြစ်တယ်။ နိုင်ငံတော်ကလည်း လူစုလူဝေးအများကြီးမလုပ်ရဘူး၊ သတ်မှတ်ထား တာတွေရှိ တယ်။ ပွဲတစ်ခုလုပ်ရင်လည်း လူကရာဂဏန်း၊ ထောင်ဂဏန်းဆိုတော့ အာဏာပိုင်တွေနဲ့တစ်ခုခုချိတ်မိလို့ရှိရင် အကုန် လုံးညှိကုန်ရော။ အဲဒီအတွက် ရှောင်ရှားရတဲ့ အခြေအနေတွေလည်းရှိလာမယ်။ အဲဒီအတွက် ကရင်အနုပညာ သမားတွေအဖို့ ဒီနှစ်ကတော့ ကျနော့်အမြင် တော်တော်ခက်ခဲလိမ့်မယ်။

မေး။ ။ မျိုးဆက်သစ် အနောက်ပိုးကရင်အဆိုဝါသနာရှင်တွေကိုရော ဘာတွေအကြံပြုတိုက်တွန်းချင်ပါလဲ။

 နံပါတ်တစ်အနေနဲ့ပြောပြချင်တာက ကိုယ့်ကရင်အမျိုးသားစာပေကို သေချာတတ်မြောက်အောင် ကျွမ်းကျင်တဲ့ အထိပေါ့။ အဲဒီလိုလေ့လာမယ်၊ တတ်မြောက်ထားမယ်ဆိုရင် သီချင်းအရေးအသားမှာ စာသားနဲ့ပတ်သက်လို့ လုံး၀ လှည့်ကြည့်စရာကို မလိုတော့ဘူးပေါ့။ ကိုယ့်ကရင်ပရိသတ်တွေကို ကျနော်တို့ပေးချင်တဲ့ မက်ဆေ့ချ်တွေ၊ အပြောနည်း တဲ့စကားလုံးတွေ၊ ပျောက်ဆုံးသွားတဲ့စကားလုံးတွေ သေချာပြန်လေ့လာပြီး သီချင်းထဲထည့်ရေးစေချင်တယ်ပေါ့နော်။ သီချင်းတစ်ပုဒ်ကလည်း စာသင်တာနဲ့အပြန်အလှန်အထောက်အကူပြုပါတယ်။ သီချင်းစာသားမှာ ရသမမြောက်ရင် သီချင်းတစ်ပုဒ်က ပေါက်သွားတာပဲဖြစ်မယ်၊ ဒါပေမယ့် အဲဒီအထဲမှာ မှတ်သားစရာစာသားမပါဘူးဖြစ်သွားမယ်။

အခုလည်း ဝမ်းသာစရာတစ်ခုက ကရင်အနုပညာဝါသနာရှင်တွေကို ဆွဲခေါ်နိုင်မယ့် တွန်းပို့နိုင်မယ့် ခွယ် လုသောင် ဆိုတဲ့အဖွဲ့ပေါ့။ တော်တော်များများလည်း သိလာကြပါပြီ။ ဝါသနာရှင်လေးတွေကို စင်ပေါ်ဆွဲခေါ်နိုင်မယ့် အဆိုပြိုင်ပွဲလေးတွေလုပ်ပေးတယ်။ နောက်ပိုင်းဆို သီချင်းရေးစပ်နည်းကအစပေါ့။ ဒီလိုအဖွဲ့ တစ်ဖွဲ့ထွက်ပေါ် လာခြင်းဖြင့်လည်း ကရင်မျိုးဆက်သစ်တွေအတွက် တံခါးတစ်ချပ် သို့မဟုတ် သော့တစ်ချောင်းဖြစ်လာနိုင်ပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်ပါလဲ။

 လက်ရှိမှာ ပြောရမယ်ဆိုရင် ကိုယ့်ကရင်လူမျိုးတွေ တော်တော်များများ ကစဉ့်ကရဲတွေဖြစ်ကုန်ကြတယ်။ ကိုယ့်ရဲ့ညီညွတ်ခြင်းကို ပြန်ပြီးတည်ဆောက်ရမယ့်အနေအထားမှာရှိတယ်။ အဲဒီအတွက် ကျနော်တို့အပါအဝင် ကရင်အနုပညာများအနေနဲ့ကလည်း မိမိတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ ကိုယ့်အမျိုးသားညီညွတ်ရေးကို တစ်ဖက်တစ် လမ်းက ပါဝင်ကူညီထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ ညီညွတ်မှုရှိမှလည်း ကိုယ်တွေဖြစ်ချင်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနု ပညာတွေကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မှာဖြစ်သလို မိမိတို့အမျိုးသားတွေ ရောက်ချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီနဲ့အရောက်သွားနိုင်မှာဖြစ်ပါတယ်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...