၂၀၁၀ ပြည့်နှစ်တွင် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုတည်ထောင်ခဲ့သူ စောသာထူးကျော် အသက် (၇၆)နှစ်သည် ဒီဇင်ဘာ ၈ ရက် (ယနေ့) နံနက် ၂ နာရီကျော်တွင် ဖားအံမြို့ရှိနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
“ဒီနေ့မနက်စောစောပိုင်းမှာ ဖားအံမြို့ကအိမ်မှာပဲ ကွယ်လွန်သွားတယ်။ လူကြီးရောဂါနဲ့ပေါ့။ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးကပြောသည်။
စောသာထူးကျော်သည် ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် DKBA စတင်တည်ထောင်စဉ်က ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးကာ ၂၀၁၀ ပြည့်နှစ်တွင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီကို တည်ထောင်ပြီးနောက် ပါတီနိုင်ငံရေးဘက်သို့ ကူးပြောင်းလာသူဖြစ်သည်။
ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် တစ်နေရာစီ အရွေးခံခဲ့ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
ထို့နောက် ပြည်နယ်အတွင်း ကရင်ပါတီများ ပေါင်းစည်းရေးလုပ်ဆောင်ရာတွင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီလည်းပါဝင်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်တွင် ပါတီကိုဖျက်သိမ်းကာ ကရင်ပါတီများ ပေါင်းစည်းတည်ထောင်ခဲ့သည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတွင် နာယကအဖြစ် ကွယ်လွန်ချိန်ထိ တာဝန်ယူခဲ့သည်။
“ကေအဲန်ယူကနေ ဒီကေဘီအေခွဲထွက်တဲ့နေရာမှာ သူတို့က နအဖရဲ့ အသုံးတော်ခံသဘောမျိုးရှိခဲ့တယ်။ ပါတီထောင်တော့လည်း သူ့ပါတီက ကြံခိုင်ရေးရဲ့အစည်းအဝေးတွေ တက်ခဲ့တာတွေ့ရတယ်။ ဒါကတော့ သူ့ရဲ့သမိုင်းပေါ့” ဟု အမည်မဖော်လိုသည့် ကရင့်နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုပြောသည်။
ကွယ်လွန်သူ စောသာထူးကျော်၏ ဈပနကို ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းတွင် ဖားအံမြို့၊ ထန်းကိုးပင်သုသာန်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်ရှိသူမိသားစုထံမှ သိရသည်။