အစိုးရသစ်အဖွဲ့မီ ရခိုင်မှာ ဆက်စပ်ရွေးကောက်ပွဲ ကျင်းပနိုင်မလား

အစိုးရသစ်အဖွဲ့မီ ရခိုင်မှာ ဆက်စပ်ရွေးကောက်ပွဲ ကျင်းပနိုင်မလား

ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း လုံခြုံရေးအခြေအနေအရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဟုဆိုကာ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ချင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ နေရာတချို့ကို ချန်လှပ်ထားခဲ့ရသည်။

အထူးသဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာများတွင် ရခိုင်ပြည်နယ်သည် အများဆုံးဖြစ်ပြီး မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက်ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့သည့် မြို့နယ်ကိုးမြို့နယ်ရှိကာ အခြားမြို့နယ် လေးခု၏ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင်လည်း ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်များမှာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့ တို့အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ပေါက်တော၊ မောင်တောမြို့နယ်တို့ ဖြစ်သည်။

ထို့ပြင် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် လေးခုတွင် ရွေးကောက်ပွဲကို တစိတ်တပိုင်းသာ ကျင်းပခွင့်ရရှိခဲ့ပြီး ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်များ၌သာ တစ်မြို့နယ်လုံး ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပခွင့်မရရှိခဲ့သည့် မြို့နယ်ကိုးခုထဲမှ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်ကို ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်တွင် သွားရောက်လေ့လာခဲ့သည်။

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါသည် တပ်မတော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့  (AA) တို့ကို ကြားဝင်ညှိနှိုင်းဆောင် ရွက်ပေးနေသူဖြစ်သည်။

ဆက်စပ်ရွေးကောက်ပွဲကျင်းပပေးရန်လိုလား

ဂျပန်အထူးကိုယ်စားလှယ်နှင့် အဖွဲ့အနေဖြင့် ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်မြို့နယ်များကို သွားရောက် လေ့ လာပြီး ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်လင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဒေသခံများတွင်ရွေးကောက်ပွဲဖြစ်စေချင်သည့် ဆန္ဒများရှိနေသည်ကိုတွေ့ခဲ့ရကြောင်း  မစ္စတာယို ဟေးဆာဆာကာဝါက ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲပြု လုပ်ရန် အဆင်ပြေသည့်အတွက် ကျင်းပနိုင်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ တင်ပြတောင်းဆိုသွားမည်ဟုလည်း ၎င်းကပြောဆိုခဲ့သည်။

မစ္စတာယို ဟေးဆာဆာကာဝါသည် ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့် သွားရောက်တွေ့ဆုံခဲ့ရာ၌ ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်၏ တုံ့ပြန်ဆွေးနွေးမှုများကို အားမရကြောင်း ၎င်းသတင်းမီဒီများကို ပြောကြားခဲ့သည်။

“ကျွန်တော် ရခိုင်ပြည်နယ်ကိုသွားခဲ့ပြီး အခြေအနေတွေကို တွေ့မြင်လေ့လာခဲ့ပြီးပါပြီ။ ဒါကြောင့် ရခိုင်ပြည် နယ်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ UECကို ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အပေါ်ကို UECက အကြောင်းမပြန်ပါဘူး” ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ဆာဆာကာဝါက ပြောကြားခဲ့သည်။

တိုက်ပွဲများလျော့နည်းလာ

တပ်မတော် နှင့် AA တို့ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို တွင်  သိသိသာသာလျော့နည်းသွားခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီတစ်ရက်မှစ၍ယနေ့အထိ ထိတွေ့မှုများ လုံးဝမ ဖြစ်ပွားသည်ကို တွေ့ရသည်။

ထို့ပြင် တပ်မတော်နှင့် AAမှထိပ်ပိုင်းခေါင်းဆောင်များသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအပါ အဝင် တိုက်ပွဲ ကြောင့် အခြေခံစားသောက်ကုန်၊ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်၍ သယ်ယူပို့ဆောင်ရန်အခက်အခဲ ဖြစ်နေသည့် ကျေးရွာများကို ဘေးကင်းစွာဖြင့် အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ေရးအချက်များကို အွန်လိုင်းမှ တစ်ဆင့်ဆွေး နွေးမှုများပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက AAက ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်ရွေးကော်ပွဲကျင်းပနိုင်

ယင်းအခြေအနေများသည် ရခိုင်တွင် ဆက်စပ်ရွေးကောက်ပွဲကျင်းပနိုင်သည့် အလားအလာဖြစ်ပြီး လက်နက် ကိုင်အဖွဲ့အစည်းနှစ်ဖွဲ့အနေဖြင့် ဆွေးနွေးခြင်းများရှိလာသည့်အတွက် ယခုနှစ် ဒီဇင်ဘာမကုန်မီ ရွေးကောက်ပွဲ ကျင်းပလာနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံး သပ်သူ ဦးသန်း စိုးနိုင်က ဆိုသည်။

“ရွေးကောက်ပွဲကျင်းပဖို့ အလားအလာရှိတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို တပ်မတော်က ဦးစီး ဦးဆောင်ပြီးတော့ AA နဲ့ ဆာဆာကာဝါကနေတစ်ဆင့် ဆွေးနွေးညှိနှိုင်းနေတဲ့ အနေအထားပေါ်မှာ NLD အစိုးရ အနေနဲ့ မထောက်ခံလို့ မဖြစ်တဲ့အနေအထားဖြစ်တယ်။ NLD အစိုးရက ထောက်ခံမယ်ဆိုရင် UEC က လည်း ထောက်ခံမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ AAအနေဖြင့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်း ပပြီး လေးရက်ခန့် အကြာ ရွေးကောက်ပွဲမကျင်းရသေးသည့် မြို့နယ်များကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန်လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာ ၁၂ ရက်က ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။  

ယင်းနေ့တွင်ပင်  တပ်မတော်ဘက်ကလည်း AA ၏ တိုက်တွန်းချက်ကို ကြိုဆိုကြောင်းနှင့် ကျန်ရှိနေသည့် နေရာများတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ထို့နောက် တပ်မတော်နှင့် AA တို့၏ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ ရခိုင်တွင် ဆက်စပ်ရွေးကောက်ပွဲကို အချိန်မီကျင်းပနိုင်ရေး ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် နိုဝင်ဘာ ၂၅  ရက်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင့် ဒီဇင်ဘာ ၂  ရက်တွင် AA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူပေါင်း တစ်သန်းကျော်၏ မဲပေးခွင့်အိမ်မက်

ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် ရခိုင်က မဲဆန္ဒရှင် ၁၂ သိန်းကျော်သည် နိုင်ငံသားအခွင့်အရေးတစ်ခုဖြစ်သည့် မဲပေးပိုင်ခွင့်ရရှိရေးမှာ တဖန် အသက်ဝင်လာသည်ဟု ဆိုရပေမည်။

မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ အသံများ၊ အခွင့်အရေးများကို ကိုယ်စားပြုပြီး ပြောဆို လုပ်ဆောင်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်ရရှိရန်အတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပရေးကို လိုလားလျက်ရှိသည်။

ယင်းသို့ ရွေးကောက်ပွဲကျင်းပရေးအတွက် လိုလားနေကြသည့် ပြည်သူများအထဲတွင် မြေပုံမြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးခိုင်မျိုးအောင်လည်းပါဝင်သည်။

သူသည် ရွေးကောက်ပွဲ မကျင်းပလျှင် ၎င်းအပါအဝင် စစ်ဘေးရှောင်များ၏ အခက်အခဲများကို ဖော်ထုတ်ပေးမည့် လွှတ်တော် ကိုယ်စားလှယ်များ မရှိတော့မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့အသံတွေ၊ အခက်အခဲတွေကို ဖော်ထုတ်ပေးမယ့် လူတွေမရှိရင် ကျနော်တို့ စစ်ဘေးရှောင်တွေ၊ ပြည်သူတွေအတွက်ပါ အခက်အခဲတွေရှိလာမှာ” ဟု ဦးခိုင်မျိုးအောင်က ပြောသည်။

ဝေဖန်မှုများမြင့်တက်လာ

ဆက်စပ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် AA အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခြင်းများ လုပ် ဆောင်နေသည့်အချိန်တွင် NLDအစိုးရ နှင့် UEC တို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သတ်ပြီး လုပ်ဆောင်မှု အားနည်းနေသည့် အပေါ် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

NLDပါတီအနေဖြင့် အဆိုပါနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်လျှင် ၎င်းတို့ပါတီရှုံးနိမ့်မည်ကို ကြိုတွက်ထားသည့် အတွက် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်တိုက်တွန်းမှု အားနည်းနေခြင်းဖြစ်နိုင် သည်ဟုလည်း  ဦးသန်းစိုးနိုင်က ဝေဖန်သည်။

UEC အနေဖြင့် NLD အစိုးရ၏ မျက်နှာကို မကြည့်ဘဲ လွှတ်လပ် သည့်အဖွဲ့အစည်းအဖြစ် ရွေးကောက်ပွဲကျင်းပရန် အားထုတ်သင့်ကြောင်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနဲ့ ပတ်သတ်ပြီး NLD ပါတီက လှုပ်ရှားလာရမှာ၊ အဲလိုမလှုပ်ရှားရင် သူတို့ နိုင်ငံရေး အရ ပြစ်မှုကျုးလွန်သလိုဖြစ်မယ်။ အဲဒီကိစ္စက UEC က ဆုံးဖြတ်ရမယ်လို့ ပြောတာပေါ့ဗျ။ ဒါပေမယ့် UEC အနေနဲ့ (NLD) ရဲ့မျက်နှာကိုမကြည့်ဘဲ လွှတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒီဒေသမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ အခုဖြစ်နိုင်တဲ့ အခြေအနေရှိတဲ့အောက်မှာ ပြင်းပြင်းထန်ထန်အားထုတ်ပြီးတော့ ဒီလုပ်ငန်းတွေ အကောင်အထည်ပေါ်အောင် လုပ်သင့်တယ်လို့ ထင်တယ်” ဟု ၎င်းကပြောသည်။

ဥပဒေသာအဓိက

အားလုံးကတောင်းဆိုနေသည့် ဆက်စပ်ရွေးကောက်ပွဲကျင်းပရေးသည်မှာ UEC နှင့် NLD အစိုးရအဖွဲ့တို့တွင် တာဝန်ရှိသည်ဟုဆိုသော်လည်း အမှန်အားဖြင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များသည် အဓိကဖြစ်ပြီး ထိုဥပဒေပါအတိုင်းသာ ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေအရ ဆက်စပ်ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေရှိသော်လည်း  မဲပေးသည့်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးအခြေအနေကြောင့် ပျက်သွားခဲ့ပါက ပြန်လည် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

ဆိုရလျှင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနေ့၌ ပျက်သွားခဲ့ခြင်းမျိုးမဟုတ်ပဲ ရွေးကောက်ပွဲမတိုင်မီကပင် လွတ် လပ်မျှတသည့် အခြေအနေမရှိဟုဆိုကာ မကျင်းပနိုင်ခြင်းဖြစ်သဖြင့် လွတ်လပ်မျှတသည့် အခြေအနေဖြစ် လာ သည့်အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပရမည့်အခြေအနေဖြစ်နေသည်။

ထို့ကြောင့် ရခိုင်တွင်ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုနေသည့် အဖွဲ့အစည်းများအနေဖြင့် ဥပဒေကို အဓိပ္ပါယ် ကောက်လွဲနေခြင်းဖြစ်သည်ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကပြောသည်။

“လက်ရှိရွေးကောက်ပွဲဥပဒေမှာ ဆက်စပ်(ရွေးကောက်ပွဲ)ဆိုတာကို လုံးဝဖော်ပြမထားဘူး။ အထွေထွေ ရွေး ကောက်ပွဲရှိတယ်။ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်။ သူတို့ ဥပဒေကို အဓိပ္ပာယ်ကောက်လွဲနေတယ်လို့  သဘော ပေါက်ပါတယ်။ ဥပဒေဆိုတာတော့ ကိုယ့်လိုသလိုဆွဲ အဓိပ္ပာယ်ဖွင့်လိုမရဘူး။ အကယ်၍ နောက်ဆက်တွဲ ကျင်း ပချင်တယ်ဆိုရင်တောင် AA ၊ တပ်မတော် မကဘဲ ပြည်ထောင်စုကော်မရှင်၊ အစိုးရရဲ့ ငြိမ်းချမ်း ရေး NRPC က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်ဆွေး နွေးပြီးတော့ လိုအပ်ခဲ့ရင် လွှတ်တော်မှာ ဒီဥပဒေကို ပြင်ဆင် ပြီးတော့ ဆောင်ရွက်လို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းအပြင် တပ်မတော်နှင့် AA တို့ ဆွေးနွေးခြင်းကို NLD ပါတီအနေဖြင့် မူအားဖြင့် လက်ခံကြိုဆိုသော် လည်း လုပ်ထုံး လုပ်နည်းအရ အကျိုးထိရောက်ရေးအတွက် အားလုံးပါဝင်နိုင်သည့် ဆောင်ရွက်ခြင်းရှိရန် လိုအပ် ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

ဆက်စပ်ရွေးကောက်ပွဲကျင်ပနိုင်ရေး အဖွဲ့အစည်းများပေါ်တွင်တည်မီ

အခြေခံဥပဒေရေးရာဆောင်းပါးများရေးသားသူ မောင်ဉာဏက ရွေးကောက်ပွဲကို တတိယအကြိမ် လွှတ်တော်သက်တမ်းမစခင်အချိန်ထိ ရွေးကောက်ပွဲပြန်လည်ကျင်းပသည်ဟု ဆိုသည်။

“အခုလုပ်တဲ့ရွေးကောက်ပွဲက တတိယအကြိမ်လွှတ်တော်သက်တမ်းမစသေးတဲ့အတွက် တကယ်လို့လုပ်မယ် ဆိုရင် သူရဲ့(ရွေးကောက်ပွဲ) ဥပဒေအရတော့ ပြဌာန်ထားတာမရှိရင် တခြားဆက်စပ်ရွေးကောက်ပွဲပေါ့နော်။ သဘာဝဘေးအန္တာရာယ်အတွက်လည်းကောင်း၊ တခြားမတည်ငြိမ်မှုများအတွက်လည်းကောင်း ရွှေ့ဆိုင်းလို့ရပါ က နောက်ဆက်တွဲ ရွေးကောက်ပွဲအနေနဲ့ လုပ်လို့ရတဲ့သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆက်တွဲ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးမှာလည်း  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပေါ်တွင်သာ မူတည်ကြောင်း ကလောင်ရှင်မောင်ဉာဏက သုံးသပ်သည်။

Most read this week

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...