နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသွားသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းပြည်နယ်တွင် အမှုဖွင့်တိုင်းကြားမှု နှစ်မှုသာရှိခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်း ကျော်က ပြောသည်။
ယင်းအမှုအဖွင့်တိုင်ကြားမှုမှာ တီးတိန် နှင့် ထန်တလန်မြို့နယ်တို့တွင်ဖြစ်ပွားခဲ့ပြီး အယောင်အဆောင်မဲပေးမှုရှိ သည်ဟုဆိုကာ နိုင်ငံရေးပါတီတစ်ချိူ့က သက်ဆိုင်ရာရွေးကောက်ပွဲ ရပ်ကျေးကော်မရှင်ထံသို့ တိုင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျွန်တော်တို့ ရွေးကောက်ပွဲနေ့မှာပဲ တိုင်ကြားတဲ့အမှုက နှစ်ခုပဲ ရှိတယ်။ ဒါကတော့ ရဲရေးပိုင် အမှု ဆိုတော့ တချို့ကိစ္စတွေကိုတော့ ကျနော်တို့လည်း သေချာမသိဘူး။ ဒါကတော့ ကျနော်တို့ဆီတိုင်ထားတဲ့ဟာ အယောင်အဆောင်မဲပေးမှုနဲ့ ကိုယ်စားအယောင်အ ဆောင်မဲပေးမှု အတူတူပါပဲ” ဟု ပြောသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲမတိုင်ခင်ကာလများတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှု ကျယ်ကျယ်ပြန့် ပြန့်မပေးနိုင်ခဲ့သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအချိူ့သည် ရွေးကောက်ပွဲဆိုင်ရာအသိပညာအားနည်းမှုကြောင့် ယခုလို အမှုဖွင့်ခံခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ဦးလင်းကျော်ကဆက်လက်ပြောသည်။
“မဲဆန္ဒရှင်တွေကို အသိပညာပေးမှု ကောင်းကောင်းမပေးနိုင်တဲ့ဟာတစ်ခုရယ်၊ ကျွန်တော်တို့ဒေသမှ အင်တာနက် မကောင်းတော့ တချို့နေရာတွေမှာလည်း တီဗီလိုင်းတွေလည်းမကောင်းတော့ နားမလည်လို့ ဖြစ်သွားနိုင်တယ်၊ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ မဲမသမာမှုလုပ်တဲ့သဘောလို့တော့ ကျွန်တော်ကတော့မထင်ဘူး။ ဒါပေမယ့် စိတ် မကောင်းစွာနဲ့ပဲအမှုဖွင့်ရတာပေါ့” ဟု ၎င်းကပြောသည်။
၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင် ၂၈၆၃၀၈ ဦးရှိခဲ့ပြီး မဲလာပေးသည့် မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် ၂၂၂၉၀၅ မဲ၊ ပြည်နယ်လွှတ်တော်တွင် ၂၁၇၁၅၂ မဲ၊ အမျိုးသား လွှတ်တော်တွင် ၂၁၆၉၆၄ မဲ အသီးအသီးရှိကြောင်းသိရသည်။
မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိသည့် ချင်းပြည်နယ်တွင် တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။