ရွေးကောက်ပွဲနှင့် ထန်တလန်တင်ဒါပြသနာ

ရွေးကောက်ပွဲနှင့် ထန်တလန်တင်ဒါပြသနာ

ချင်းပြည်နယ်တွင် NLD အောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့်ကုမ္ပဏီများကို ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ၏လက်မှတ်ဖြင့် ထောက်ခံပေးသည့်သဘောသက်ရောက်သော အစီရင်ခံစာ ပြီးခဲ့သည့်လက လူမှုကွန်ယက်တွင် ပျံနှံ့ခဲ့သည်။

ယင်းသို့ပျံ့နှံ့ခဲ့သည့် အစီရင်ခံစာတွင် ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင် ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင်မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါ ကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

လက်ရှိတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ် NLD က စုံစမ်းစစ်ဆေးပြီး ဗဟိုသို့တင်ပြထားကာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်အားကြည့်ခြင်းဖြင့် နိုင်ငံရေးလောကသို့တင်ဒါသမားများ နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာနေသည်မှာ ငြင်းဖွယ်ရာမရှိပေ။

NLD အစိုးရလက်ထက် တင်ဒါသမားများ ချင်းပြည်နယ် နိုင်ငံရေးလောကထဲသို့ဝင်ရောက်မှုသည် ချင်းပြည်နယ် မြို့နယ်များရှိ NLD ပါတီရုံးများ တည်ဆောက်ရေးအတွက် အလှူငွေထည့်ဝင်ရာမှ အစပြုခဲ့ပြီး တင်ဒါရကုမ္ပဏီများသည် ယခုရွေးကောက်ပွဲတွင်လည်း NLD ပါတီကို လူအား၊ ငွေအားဖြင့် ဝန်းရံပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထန်တလန်ဖြစ်စဉ်သည် NLD ပါတီအောင်နိုင်ရေးအတွက် ကူညီအားပေးသည့် ကုမ္ပဏီများစာရင်းနှင့် အဆိုပါကုမ္ပဏီများ၏ တင်ဒါအမှတ်များဖော်ပြထားသည့်အတွက် ပါတီအောင်နိုင်ရေးကူညီသည့်ကုမ္ပဏီများကို တင်ဒါပေးရန်ရည်ညွှန်းသည်မှာ ငြင်းမရပေ။

ချင်းပြည်နယ်တွင်ထိုသို့သော ဖြစ်ရပ်များစွာရှိနိုင်ပြီး ထန်တလန်သည် ကံဆိုးစွာဖြင့် ပေါ်ပေါက်သွားသောဖြစ်ရပ်သာဖြစ်သည်။

အထူးသဖြင့် ထန်တလန်သည် ချင်းပြည်နယ်တစ်ခုလုံးတွင်ဖြစ်ပျက်နေသည့် တင်ဒါအကျိုးစီးပွားပြသနာများအားလုံးကို ကိုယ်စားပြုနေသည့် ပြသနာဖြစ်သည့်အပြင် အရည်အသွေးမကောင်းသော လုပ်ငန်းတင်ဒါများ၏ အဖြေကိုဖော်ပြနေသည့်ဖြစ်ရပ်ဟု သုံးသပ်ရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ကာလကလည်း ချင်းပြည်နယ်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများဘေးတွင် တင်ဒါကုမ္ပဏီပိုင်ရှင်များကို တပူးပူးတတွဲတွဲတွေ့မြင်ရသကဲ့သို့ ၂၀၂ဝ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ကာလတွင်လည်း လက်ရှိအာဏာရ NLD ပါတီကိုယ်စားလှယ်လောင်းများနှင့် တင်ဒါကုမ္ပဏီပိုင်ရှင်များ တပူးပူးတတွဲတွဲတွေ့မြင်ခဲ့ရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည်။

ယခုဆိုလျှင် ချင်းပြည်နယ်တွင်တင်ဒါပြိုင်သည့် ကုမ္ပဏီအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင် ၁၃၂၅ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

တင်ဒါစပြိုင်စဉ်က သိန်း ၁၀၀ ခန့် စီမံကိန်းများသာ လျှောက်နိုင်သည့် ကုမ္ပဏီပိုင်ရှင်တချို့သည် နောင်သုံးနှစ် လေးနှစ်အကြာတွင် သိန်းထောင်ကျော်တန်စက်ကြီးများ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်သည့်ချမ်းသာမှုမျိုး၊ မြို့နယ်စည်ပင်ဥက္ကဌကိုယ်တိုင် စည်ပင်တင်ဒါဝင်ပြိုင်ပြီး တင်ဒါရသည့်ဖြစ်ရပ်မျိုးကို ချင်းပြည်နယ်တွင် ဖြစ်ပွားလျက်ရှိပြီး ထိုအခြေအနေများအပေါ် ကြီးကြပ်မှု၊ အရေးယူမှု အားနည်းလျက်ရှိနေသည်။

လက်ရှိတွင် လူမှုကွန်ရက်တွင်ပေါက်ကြားခဲ့သည့် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌလည်းဖြစ်သူ၊ ယခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူ၏တင်ဒါနှင့်ပတ်သက်၍ မှတ်ချက်ပေးစာအပေါ် စစ်ဆေးအရေးယူရန် လုပ်ဆောင်နေလျက်ရှိသည်ဟု ဆိုသော်လည်း မြို့နယ်ဥက္ကဌကို အရေးယူပြရုံ၊ ၄င်းထောက်ခံထားသည့် ကုမ္ပဏီများကို တင်ဒါမပေးရုံမျှဖြင့် အထက်ပါကိစ္စရပ်များ ပျောက်ကွယ်သွားမည်မဟုတ်ပေ။

ထို့ကြောင့် တင်ဒါပြသနာများသည် မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲကာလ NLD ပါတီကို ဝန်းရံပေးခဲ့သော တင်ဒါကုမ္ပဏီများ၏ အကျိုးစီးပွားပါရှိနေသောပြသနာများဖြစ်သောကြောင့် ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ ချင်းပြည်နယ်၏ တင်ဒါပြသနာဖြစ်ပြီး မြို့နယ်တိုင်းရှိတင်ဒါလျှောက်သောသူများကို သေချာစိစစ်၍ ပြည်နယ်အဆင့် ဖြေရှင်းပေးမှသာ အဂတိကင်းသောအစိုးရ၊ အဂတိကင်းသောလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

May 6, 2021
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ လက်ရှိဖြစ်ပေါ်နေသည့်...
April 24, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ဧပြီ ၁၆ ရက်က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG...
April 19, 2021
CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်က တရားဝင်...