ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး NLD ပါတီ၏ဖိတ်ခေါ်ချက်အပေါ် ပူးပေါင်းပါဝင်လိုကြောင်း ကချင်မှ တိုင်းရင်းသားပါတီများက အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိတ်ကြားချက်ကို ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီများအနေဖြင့် ထောက်ခံကြိုဆိုကြောင်း နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ ပူးပေါင်းပါဝင်ရန်လိုလားသည်ဟု ဆိုသည်။
NLD ၏ဖိတ်ခေါ်မှုသည် ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သောကြောင့် လက်ခံကြိုဆိုကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး (ဒူးလေး) ပါတီဥက္ကဌ ဦးရွှေမင်းကပြောသည်။
“ကျွန်တော်နားလည်တာကတော့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောကိုပြောတယ်လို့ သဘောပေါက်တယ်။ လာပါ ဆွေးနွေးရအောင်ဆိုတဲ့ ဖိတ်ခေါ်တဲ့အဆင့်လို့တော့ နားမလည်ဘူး။ ဒါကတော့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ လက်ကမ်းကြိုဆိုတယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်း တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက နိုင်ငံရေးအမြတ်ထုတ်မှုမဟုတ်ဘဲ လက်တွေ့ဆန်သော ဖိတ်ခေါ်မှုဖြစ်ရန်လည်း မျှော်လင့်ကြောင်း ဦးရွှေမင်းက ဆက်လက်ပြောသည်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် တိုင်းရင်းသားပါတီများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန်အတွက် တိုင်းရင်းသားပါတီ ၄၈ ခုအား NLD က နိုဝင်ဘာ ၁၂ ရက်တွင် ပေးပို့ခဲ့သည်။
အဆိုပါ ပေးပို့စာတွင် NLD ပါတီအနေဖြင့် နောင်အနာဂတ်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းစေရေးအတွက် မမှိတ်မသုန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဟု ရေးသားထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ခြင်းသည် တိုင်းရင်းသားပါတီများ၏ မူဝါဒနှင့်လည်း ကိုက်ညီခြင်းကြောင့် လိုလားသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် လူနည်းစုပါတီများ၏ တင်ပြချက်၊ လိုလားချက်များကိုလည်း အလေးထားပေးရန်လိုအပ်ကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်) ဥက္ကဌ ဦးတိန့်ဆောင်က သုံးသပ်ပြောကြားခဲ့သည်။
“ဒေသ၊ ပြည်နယ်၊ လူမျိုးစုကိုကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကို အလေးထားမယ်ဆိုရင်တော့ အလားအလာကောင်းတယ်။ ဒါမှမဟုတ်ရင် လွန်ခဲ့တဲ့ကာလလိုသာ မျက်ကွယ်ပြုထားတဲ့ သဘောဆောင်မယ်ဆိုရင် အလားအလာမကောင်းဘူးလို့ မြင်ပါတယ်” ဟု ဦးတိန့်ဆောင်က ပြောသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးဌေးအောင်ကလည်း တိုင်းရင်းသားများ၏ လိုလားသည့် ဖက်ဒရယ်စနစ်ကို ထူထောင်မည်ဖြစ်သောကြောင့် တိုင်းရင်းသားများအပေါ် ဖြေလျော့ပေးမှုများကို ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်း၏အမြင်ကိုပြောသည်။
“ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ကြမယ်ဆိုရင်တော့ တိုင်းရင်းသားတွေကို သူတို့ ဖြေလျှော့ပေးဖို့လိုတာပေါ့” ဟုဆိုသည်။
ပေးပို့စာတွင် ပါရှိသည့် တိုင်းရင်းသားများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဆိုသည့်အပေါ် NLD ပါတီအနေဖြင့် အပြည့်အဝပေးနိုင်မည်မဟုတ်သော်လည်း တိုင်းရင်းသားပါတီများအနေဖြင့်လည်း ပူးပေါင်းဆောင် ရွက်ရန်သာ ရွေးချယ်စရာရှိကြောင်း ဦးဌေးအောင်က ဆက်ကလက်ပြောသည်။
NLD ပါတီ၏ ဖိတ်ခေါ်ချက်အပေါ် ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် သဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လုပ်ဆောင်ရန်လိုလားကြောင်း ပါတီဥက္ကဌ ဒေါက်တာတူးဂျာက ပြောသည်။
“ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာတော့ NLD ပါတီက အမျိုးသား စည်းလုံးညီညွတ်ရေး၊ ရင်ကြားစေ့ရေးကို သူမလုပ် ခဲ့ဘူးလေ။ တိုင်းရင်းသားတွေနဲ့ ပြောဆိုဆွေးနွေးဖို့ သူမတည်ဆောက်ခဲ့ဘူး။ အခုလို တိုင်းရင်းသားပါတီအားလုံး ကို စကားပြောလာတယ်ဆိုတာက သူတို့အရင်က မလုပ်ခဲ့တာကို အခုလုပ်လာတာက ကောင်းတဲ့ဘက်ကို သွားတဲ့ ခြေလှမ်းသစ်လို့ ယူဆပါတယ်” ဟု ၎င်းကပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ခုလုံး၌ မဲဆန္ဒနယ် ၇၀ ရှိသည့်အနက် NLDက နေရာ ၅၀ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်အပါအဝင် USDP နှင့် တိုင်းရင်းသားပါတီများက အနိုင်ရရှိခဲ့သည်။