၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကျောခိုင်း၍ တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (အိုးစည်ပါတီ) ဝင်ပြိုင်ရခြင်းသည် အမြင်သဘောထားများ တိုက်ဆိုင်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်းကပြောသည်။
“၂၀၁၅ တုန်းက NLD ပါတီအနေနဲ့ ဝင်ပြိုင်ပြီး နိုင်ခဲ့တာ။ အဓိကကတော့ ကျွန်တော်နဲ့ NLD ပါတီနဲ့ အမြင်ခြင်း၊ သဘောထားခြင်း မတိုက်ဆိုင်တဲ့အတွက် ကျောခိုင်းခဲ့ပြီးမှ ကျွန်တော် မူလမိခင်ပါတီဖြစ်တဲ့ ဓနုအိုးစည်ပါတီကို ပြန်ရောက်လာတာပေါ့။ ၁၉၉၀ ကတည်းက ကျွန်တော်က ပြည်ထောင်စုဓနုတိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်မှာ ဒုတိယဥက္ကတာဝန်ယူခဲ့တယ်။ အဲ့တုန်းကတည်းက ဓနုပါတီအနေနဲ့ဝင်ပြိုင်ခဲ့တာပေါ့” ဟု ဦးညီလေးချမ်းကပြောသည်။
ဦးညီလေးချမ်းသည် ၂၀၁၅ -၂၀၂၀ လွှတ်တော် သက်တမ်းတွင် ရှမ်းပြည်နယ်လွှတ်တော်အတွင်း မေးခွန်းနှင့် အဆိုအများဆုံးတင်သွင်းခဲ့သော ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းတင်သွင်းသော အဆိုအများစုမှာ မှတ်တမ်းအဖြစ်သာထားရန် လွှတ်တော်မှ ဆုံးဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ ၂၀၁၅ လွှတ်တော်သက်တမ်းမှာ မေးခွန်းပေါင်း ၁၄၀၊ အရေးကြီးအဆိုတစ်ခု၊ ရိုးရိုးအဆို လေးခုတင်ခဲ့တယ်။ ကျေနပ်အားရမှု အရှိဆုံးကတော့ ပလတ်စတစ် လျော့ချရေးအဆိုကတော့ အတည်ပြုနိုင်ခဲ့တာပေါ့။ လမ်း၊ တံတားများ ဥပဒေကိုလဲ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့အဆိုကတော့ အတည်မပြုနိုင်ခဲ့ဘူး။ လွှတ်တော်က မှတ်တမ်းအနေနဲ့ပဲ ထားတာပေါ့” ဟု ၎င်းကပြောသည်။
ရှမ်းပြည်နယ်လွှတ်တော်၏ အားနည်းချက်ကိုလည်း ဝေဖန်ထောက်ခဲ့ပြီး ပြည်နယ်သားကိုယ်စားလှယ်များအနေဖြင့် သွေးအေးပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည့်အတွက် နိုင်ငံရေး၊ စီးပွားရေး အမြင်မတူမှုများပြားကြောင်း ဦးညီလေးချမ်းကပြောသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိ၌ NLD က ၂၁ ဦး၊ USDP က ၃၂ ဦး၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ ဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီက ခုနစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ခြောက်ဦး၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီက နှစ်ဦး၊ လားဟူးအမျိုးသားဖွံ့ဖြိုးတိုးတက်မှုပါတီက တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီက တစ်ဦး၊ ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက တစ်ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တစ်ဦးတို့ စုစုပေါင်း ၉၆ ဦးရှိသည်။
“ကိုယ့်အယူအဆနဲ့ကိုယ် သွားနေကြတာဆိုတော့ တိုးတက်အောင်လုပ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်” ဟု ဦး ညီလေးချမ်းက သုံးသပ်သည်။
ဦးညီလေးချမ်းသည် ယခုနှစ်ရွေးကောက်ပွဲတွင် အိုးစည်ပါတီကိုကိုယ်စားပြု၍ ပင်းတယမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနှိမ့်ခဲ့သော်လည်း ဓနုဒေသအတွက် ကျန်းမာရေး၊ ပညာရေး၊ အားကစား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ကြိုးစားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။