ဝန်ကြီးသစ်ကို တာဝန်လွှဲပြောင်းပေးရန်စီစဉ်ထားဟု လက်ရှိ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုးပြော

ဝန်ကြီးသစ်ကို တာဝန်လွှဲပြောင်းပေးရန်စီစဉ်ထားဟု လက်ရှိ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုးပြော
by -
စောထွန်းလင်း (KIC)

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အနိုင်ရပြီး ဝန်ကြီးသစ်ကို စနစ်တကျ တာဝန်လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်း လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုးက ပြောသည်။

သူမသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာနေရာတွင် အနိုင်ရပြီး ၂၀၁၆ ခုနှစ် ဧပြီမှစ၍ တိုင်းအစိုးရအဖွဲ့တွင် တာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုသို့ တာဝန်စတင်ထမ်းဆောင်စဉ် ယခင်ကရင်ရေးရာဝန်ကြီးက စနစ်တကျ တာဝန်လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိခဲ့သည်ကို ကြုံတွေ့ခဲ့ရသဖြင့် သူမအနေဖြင့် လာမည့်ရွေးကောက်ခံဝန်ကြီးအား စနစ်တကျ တာဝန်လွှဲပြောင်းပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျမတို့နိုင်ငံမှာက စနစ်တကျအာဏာလွှဲတယ်ဆိုတာက မရှိခဲ့ဖူးသေးဘူး။ ၂၀၁၅ တုံးက အရပ်သား အစိုးရကို လွှဲတာ ပထမဦးဆုံးပေါ့နော်။ အဲ့ထဲက တစ်ချိန်နောက်တစ်ယောက်ကို တာဝန်လွှဲလို့ ယှဉ်ရင် စနစ်တကျ လွှဲဖို့ ကျိုးစားမယ်လို့ စတင်ဝန်ယူကတည်းက သတ်မှတ်ထားတယ်။ ဖိုင်တွေ သေသေချာချာ တွဲထားတယ်။ မှတ်တမ်း တွေကိုလည်း သေသေချာချာ လုပ်ထားတယ်” ဟု ဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုး ကပြောသည်။

ထို့ပြင် အစိုးရသစ်တွင် တာဝန်ထမ်းဆောင်မည့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးသစ်အနေဖြင့် ကရင်စာပေနှင့် ယဉ်ကျေးမှု အပိုင်းတွင် ကရင်စာသင် ဆရာ၊ ဆရာမများ နေ့စားလပေး ဝန်ထမ်း (TA) များတိုးမြှင့်နိုင်ရေးကိစ္စ၊ ကရင်-ဗမာ-အင်္ဂလိပ် ပူးတွဲ အဘိဓါန်ကို ဖြည့်ဆွက်ဆက်ထုတ်နိုင်ရေးနှင့် ကရင်အမျိုးသားသမိုင်းစာအုပ်ကို ပြန်လည်း ဖြည့် ဆွက်ခြင်းများရှိလာက ဖြည့်ဆွက်ကာ ဆက်လက်ထုတ်လုပ်နိုင်ရေး စသည့်ကိစ္စရပ်များကို လုပ်ဆောင်သွားရန် အကြံပြုလိုသည်ဟု ဝန်ကြီးက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီးအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးတာဝန်အပြင်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တာဝန်ယူထားပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရ ပြန်ကြားရေးဌာနကိုလည်း လေးနှစ်ခန့် ပူးတွဲတာဝန်ယူခဲ့သူ ဖြစ်သည်။

ဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုးသည် ယခုနှစ်ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ပြိုင်ခြင်းမပြုပဲ  ကရင့်ရေးရာဝန်ကြီး တာဝန်မှ အနားယူရန် ဆုံးဖြတ်ထားပြီး အကယ်၍ ပါတီအနေဖြင့် နိုင်ငံ့တာဝန်များပေးအပ်လာပါက မိမိနှင့်သင့်တော် မတော်စဉ်းစာကာ တာဝန်ယူ၊မယူ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီက ဦးစောထွန်းအောင်မြင့်က အနိုင်ရတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နော်ပန်းသဥ္ဇာမျိုးက အနိုင်ရကာ လက်ရှိ အချိန်ထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ကာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်  NLD မှ ဒေါ်နော်စူဆဲနာလှလှစိုးက အနိုင်ရရှိကာ လာမည့် အစိုးရသစ်တွင် တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

ဒေါ်နော်စူဆဲနာလှလှစိုးက ၎င်းလက်ထက်တွင် ကရင်စာပေနှင့်ယဉ်ကျေးမှု၊ ကရင်တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးကိစ္စနှင့် အထူးသဖြင့် လူမှုဘဝဖွံ့ဖြိုးရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...