USDP ကို UEC ဖျက်သိမ်း၊ တပ်ချုပ် ဒု-သမ္မတလုပ်မယ်၊ ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်ဆိုတဲ့ သတင်းအမှားများ

USDP ကို UEC ဖျက်သိမ်း၊ တပ်ချုပ် ဒု-သမ္မတလုပ်မယ်၊ ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်ဆိုတဲ့ သတင်းအမှားများ
by -
NMG

ရွေးကောက်ပွဲအလွန်ကာလမှာ အစိုးရအဖွဲ့ ဖွဲ့စည်းမယ့် ကိစ္စရပ်တွေ၊ ရာထူးနေရာခန့်ထားရေး ကိစ္စရပ်တွေနှင့်ပတ်သက်ပြီး သတင်းအချက်အလက် အမှားတွေ ရေးသားဖြန့်ဝေလာနေတာဟာ လူမှုကွန်ရက်မှာ ပြန်နှံ့လာနေတာကို တွေ့ရပါတယ်။

ဒီကာလမှာ ထွက်ပေါ်လာနေတဲ့ သတင်းတွေကတော့ “ကြံ့ခိုင်ရေးကို ပါတီဝင်အဖြစ် တရားဝင်ရပ်ဆဲလိုက်ပြီဟု UEC ကြေငြာပြီ”၊ “တပ်ကထွက်ပြီး ဒု-သမ္မတ လုပ်တော့မယ်လို့ ကာချုပ်ပြောပြီ အမေစုနဲ့ လက်တွဲလိုက်တဲ့ ကာချုပ် မင်း အောင်လှိုင်”၊ “ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ဦးရဲမင်းဦးကို ခန့်အပ်လိုက်ပြီ အမေစု အမိန့်ထုတ်ပြန်”  အစရှိတဲ့ သတင်းခေါင်းစဉ်တွေနဲ့ ရုပ်သံဗီဒီယိုတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။ 

အဆိုပါ ခေါင်းစဉ်တွေနဲ့ သတင်းအမှားတွေကို  Youtube Channel ၂ ခုဖြစ်တဲ့ Top MM Channel နှင့် To day Top MM ကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရုပ်သံသတင်းအဖြစ်ဖန်တီးကာ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ youtube ကနေ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ဒီ Channel ဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဗီဒီယိုသတင်းအမှားတွေကို တင်နေသလို လိင်နဲ့သက်ဆိုင်တဲ့ ဗီဒီယိုတွေကိုလည်း ကြည့်ရှု့သူများအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားတဲ့ Channel တစ်ခုဆိုတာကို Channel ကို ဝင်ကြည့်ရင် သိနိုင်ပါတယ်။

Top MM Channel ကနေ တင်ထားတဲ့သတင်းတွေကို ဒီလင့်မှာ https://bit.ly/2KSYLUz ကြည့်လို့ရပါ တယ်။

တကယ်တော့ ကြံ့ခိုင်ရပါတီကို ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် UEC က ရပ်စဲလိုက်တယ်လို့ UEC က တရားဝင်ကြေညာထားခြင်းမရှိပါဘူး။

UEC က တရားဝင်ဖျက်သိမ်းလိုက်တဲ့ ပါတီတွေရဲ့စာရင်းမှာ USDP မပါဝင်တာကို UEC ရဲ့ တရားဝင် Website မှာ  https://bit.ly/2VeqSiH တွေ့နိုင်ပါတယ်။

နောက်တစ်ခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ကထွက်ပြီး ဒု-သမ္မတ လုပ်မယ်၊ အမေစုနဲ့ လက်တွဲလိုက်ပြီဆိုတဲ့ သတင်းဟာလည်း သတင်းအမှားသာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေဆဲဖြစ်သလို တပ်မတော်ကနေထွက်မယ်လို့လည်း သူကိုယ်တိုင်က ပြောဆိုထားခြင်းမရှိပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ မှာလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်ကထွက်တော့မယ်လို့ ပြောဆိုသွားခြင်း မရှိပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီလင့် https://bit.ly/37etgf6 မှာ ကြည့်နိုင်ပါတယ်။

နောက်တစ်ခုကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အဖြစ် ဦးရဲမင်းဦးကို ခန့်အပ်လိုက်ပြီ အမေစု အမိန့် ထုတ် ပြန် ဆိုပြီးတော့ တင်ထားကို တွေ့ရပါတယ်။ ဒါကလည်း သတင်းအမှားပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ပြောဆိုထားတာ မရှိသလို NLD ရဲ့ Facebook တရားဝင် စာမျက်နှာမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒါ့အပြင် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ခန့်အပ်တာနဲ့ ပတ်သက်ပြီး မီဒီယာတွေကို တစ်စုံ တစ်ရာ ပြောဆိုထားတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် Facebook စာမျက်နှာ https://web.facebook.com/chairnld/

NLD ရဲ့ Facebook တရားဝင် Facebook စာမျက်နှာ https://web.facebook.com/nldparty/

အဲဒီသတင်းတွေ အားလုံးကိုကြည့်မယ်ဆိုရင် ရုပ်သံဖန်တီးသူက Facebook မှာတက်နေတဲ့ သတင်းပုံစံ အချက်အလက်အမှားတွေကို အခြေခံပြီးတော့ သူ့ရဲ့ထင်မြင်ချက်တွေကို ထည့်သွင်းထားကာ ရုပ်သံလာရောက်ကြည့်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ယုံကြည်အောင်၊ ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီးထားတာကို တွေ့နိုင်ပါတယ်။

ဒါ့အပြင် ရုပ်သံခေါင်းစဉ်နဲ့မကိုက်ညီတဲ့ တခြားအကြောင်းအရာ အချက်အလက်အမှားတွေကိုလည်း ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလမှာဆိုရင် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook မှာသာမက  Youtube တွေမှာပါ သတင်းအမှားဟာ ပုံစံအမျိုးမျိုးနဲ့ ပြန့်နှံ့လာနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းတွေကို Youtube ကနေပဲဖြစ်ဖြစ်၊ Facebook ကနေပဲဖြစ်ဖြစ် ကြည့်မယ် ဖတ်မယ် ဖြန့်ဝေတော့မယ်ဆိုရင် ဒီသတင်းတွေဟာ ဘယ်ကနေလာသလဲ၊ ဘယ်လိုလူတွေက ဖန်တီး ထုတ်လုပ်ထားသလဲ တကယ့်သတင်းဌာနတွေမှာကော တင်ထားသလား စတာတွေကို ကြည့်ပြီး သေချာ စဉ်းစားဆင်ခြင်ပြီးမှ ထပ်ဆင့် ဖြန့်ဝေပေးကြပါလို့ အကြံပြုလိုက်ရပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...