ချင်းပြည်နယ်တွင် လာမည့် ငါးနှစ်အတွင်း စက်မှုထွန်းကားရေးလုပ်ဆောင်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးတာလ်လိန်းကြုံးဝါး

ချင်းပြည်နယ်တွင် လာမည့် ငါးနှစ်အတွင်း စက်မှုထွန်းကားရေးလုပ်ဆောင်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးတာလ်လိန်းကြုံးဝါး

ချင်းပြည်နယ်တွင် လာမည့် ငါးနှစ်အတွင်း စက်မှုထွန်းကားရေးလုပ်ဆောင်မည်ဖြစ်ကြောင်းNLD မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတာလ်လိန်းက ကြုံးဝါးပြောဆိုလိုက်သည်။

၎င်းသည် ယခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် ဟာခါးမြို့နယ်တွင် စက်မှုဇုံတစ်ခုပေါ်ပေါက်ရေး လုပ်ဆောင် သွားရန်ရည်ရွယ်ထားသည်ဟု ဆိုသည်။

“ဟားခါးမြို့နယ်တင်မကဘူး ချင်းပြည်နယ်တစ်ခုလုံးမှာ Foreign Investment တစ်ခုမှမရှိဘူး။ဒါကြောင့် ကျွန်တော်အနေနဲ့ လာမယ့်သက်တမ်းတစ်လျှောက်မှာ လွှတ်တော် ထဲမှာ ဖိဖိစီးစီး ကြိုးစားပြီး ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ တစ်တောင့်တစ်နေရာကနေဖြစ်ဖြစ် ချင်းပြည်နယ်မှာ စက်မှုဇုံတစ်ခု တည်ထောင်ဖို့ ဆန္ဒရှိပါ တယ်”ဟု ဦးတာလ်လိန်းက ပြောသည်။

ထို့ပြင် ဟားခါးမြို့နယ်၏ လိုအပ်ချက်များကို လွှတ်တော်တွင်တင်ပြနိုင်ရေး  ပြည်သူလူထုနှင့် မဲဆန္ဒရှင်များကို တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်က ဟားခါးမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် အားလျော်စွာ ဟားခါးမြို့နယ်ရဲ့ လိုအပ်ချက်တွေကို ကြိုးစားပြီး ရအောင်ဆောင်ရွက်ထားဖို့ စဉ်းစားထားပါတယ်။ ပြည်ထောင်စု ဘက်ဂျက်မှာလည်း ဟားခါးမြို့နယ်အတွက် ဘာတွေတင်ပြစရာရှိလဲဆိုတာကို ပြည်သူလူထုတွေနဲ့၊ မဲဆန္ဒရှင်တွေနဲ့၊ ညှိနှိုင်းပြီးတော့မှ တင်ပြဖို့လည်း ကျွန်တော်ဆန္ဒရှိပါတယ်။အဲလိုတင်တဲ့အခါမှာ မဖြစ်မနေလိုအပ် ချက်တွေကို ဖြည့်ဆည်းဖို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ကြိုးစားမယ်လို့ ရည်ရွယ်ထားပါတယ်”ဟု ဦးတာလ်လိန်းက ပြောသည်။

ချင်းပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နီးစပ်သဖြင့် စက်မှုထွန်းကား၍ ထုတ်ကုန်များထုတ် လုပ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းဖွင့်မည်ဆိုပါက ယင်းနိုင်ငံများတွင် စျေးကွက်ရရှိမည်ဟု ၎င်းက ယုံကြည် လျက်ရှိသည်။

“ချင်းပြည်နယ်ဟာ စျေးကွက်တော်တော်ကောင်းတဲ့နေရာပါ။ ချင်းပြည်နယ်မှာ ကုန်ထုတ်လုပ်နိုင်ရင် စျေးကွက် ကောင်းတယ်။ ဆိုလိုတဲ့သဘောက ကမ္ဘာ့လူဦးရေထူထပ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့က ကျွန်တော်တို့ နီးစပ်တယ်။တကယ်လို့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ စက်မှုလုပ်ငန်းထွန်းကားခဲ့ရင်ကျွန်တော်တို့ စျေးကွက်ရှိတဲ့အတွက် တော်တော်လည်းကောင်းပါတယ်လို့ ကျွန်တော်မြင်တယ်” ဟု ဦးတာလ်လိန်းက ပြောသည်။

ဦးတာလ်လိန်းသည် ကျန်းမာရေးဝန်ကြီးဌာနတွင် နှစ်ပေါင်း ၃၀ ကျော်တာဝန်ထမ်း ဆောင်ခဲ့ပြီး  ညွှန်ကြားရေးမူး တာဝန်ဖြင့်အငြိမ်းစားယူခဲ့ခြင်းဖြစ်ပြီး ထို့သို့ ကျန်းမာရေးဝန်ထမ်းအဖြစ်နှစ်ရှည်လုပ်ကိုင်ခဲ့သည်ဆိုသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျန်းမာရေးထက် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် အားသန်နေသူ တစ်ဦးဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...