အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို ရွေးကောက်ပွဲအနိုင်ရ NLD နှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောသည်။
နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးအပြီး NLD ပါတီသို့ပေးပို့သည့် သဝဏ်လွှာထဲတွင် ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက “လာမယ့် အစိုးရလက်ထက်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ထင်ထင်ရှားရှား အကောင်အထည်ဖော်လာမယ်။ ထင်ထင်ရှားရှားပီပီပြင်ပြင် လုပ်လာနိုင်မယ်လို့ တွက်ဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲ မတိုင်ခင်ရော အပြီးတဲ့အချိန်မှာရော လက်ရှိနိုင်ငံရေး ပါတီNLD ပေါ့။ အစိုးရဖြစ်မယ့် ပါတီက National reconciliation ခေါ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး National Unity ခေါ်တဲ့ အမျိုးသားညီညွတ်ရေးကို သူ့မူဝါဒအဖြစ် အကောင်အထည်ဖော်မယ်လို့ ကြေညာလိုက်တဲ့အပေါ်မှာ ကျွန်တော်တို့က အားရဝမ်းသားဖြစ်ပြီးတော့ လက်တွေ့ဖြစ်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမှာပေါ့” ဟုပြောသည်။
PPST က NLD ပါတီထံ ပေးပို့သည့် သဝဏ်လွှာထဲတွင် ရွေးကောက်ပွဲတွင် NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် မိမိတို့ PPST အနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် မကြာခင်ကာလတွင်ဖွဲ့စည်းမည့် အစိုးရနှင့်အတူ နိုင်ငံရေး ကတိကဝတ်ခိုင်မာစွာဖြင့် ကြိုပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်တွေ့ဖြစ်ရေးကတော့ သူတို့ကြီးပဲ အားကိုးလို့မရဘူး။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှပဲ လက်တွေ့ဖြစ်လာမှာ။ ဒါကြောင့် ကျွန်တော်တို့လည်း ကပ်ဖဲ့ရပ်ဖဲ့မလုပ်ပဲနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွတ်ရေးပေါ်လစီဟာ အောင်မြင်သွားမယ်လို့ ကျနော်ယုံကြည်ပါတာပေါ့” ဟုပြောသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် လက်ရှိ တိုင်းပြည်အတွင်းရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်တို့ကို အမျိုးသား ညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်အခြေခံဖြင့် ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်မိပါသည်ဟု သဝဏ်လွှာထဲတွင် ထည့်သွင်းရေးသားထားသည်။
PPST ၏ Video Conferencing ဖြင့်ပြုလုပ်သည့် နှစ်ရက်တာအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲကာလဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေများအပေါ် အချိန်ယူဆွေးနွေးခဲ့ကြပြီး ပြည်တွင်းငြိမ်း ချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်းလူဦးရေ ၅၀ တက်ရောက်ခဲ့ကြောင်းသိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် (DKBA)၊ မွန်ပြည်သစ် ပါတီ( NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။