မဲမသမာမှုကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တွေ ကိုယ့်အိမ်မှာကိုယ်မအိပ်ရဲဆိုတဲ့ သတင်းမှား

မဲမသမာမှုကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တွေ ကိုယ့်အိမ်မှာကိုယ်မအိပ်ရဲဆိုတဲ့ သတင်းမှား
by -
Hintha

“တိုင်းရင်းသားနယ်မြေတွေမှာ မဲမသမာမှု ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်အိမ်မှာကိုယ်တောင် မအိပ်ရဲတဲ့ ဘဝကို ရောက်နေကြပြီ” လို့ အစချီထားတဲ့ ပို့စ်ကို Kyaw Swar လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာ ၂၃ ရက် ညနေ ၈ နာရီ ၂၄ မိနစ်မှာ တင်ခဲ့ပါတယ်။

ရေးသားချက်အပြည့်အစုံကို မူရင်းသတ်ပုံအတိုင်း ပြန်လည် ဖော်ပြပါမယ်။

"တိုင်းရင်းသားနယ်မြေ တွေမှာမဲမသမာမှု ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေ ကို့ အိမ်မှာကိုယ်တောင်မအိပ်ရဲ တဲ့ ဘဝ ကို ရောက်နေကြပြီ။ပြည်မ မှာလည်း  စာရွက်တွေ ပလူပျံနေတယ်။ဒီ တိုင်း ဘယ်လို ဆက်သွားကြမလဲတော့ မသိဘူး မြန်မာပြည်။မလုပ်သင့် မလုပ်ထိုက်တာ တွေ လုပ်ကြတော့  နိုင်ငံ ရဲ့ သိက္ခာ ကိုပါ ထိခိုက်ခဲ့ပါပြီ။ အေးချမ်းပါစေဗျာ" အဲဒီလို ရေးသားထားတာကို တွေ့ရပါတယ်။

ဒီပို့စ်ကို ပြန်လည်ဖြန့်ဝေသူ ၈၀၀ ဦးခန့်ရှိခဲ့ပြီး React ပြုလုပ်သူ ၅ ထောင်ကျော်ရှိပါတယ်။ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့အပြင် ပို့စ်မှာ မှတ်ချက်ပြုကြသူတွေကလည်း ဒီအကြောင်းအရာပေါ်မှာ အားပေးထောက်ခံတာကို တွေ့ရပါတယ်။

လက်တွေ့မှာလည်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာနေထိုင်တဲ့ အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရမှုအပါအဝင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်တွေကို လက်နက်နဲ့ ခြိမ်းခြောက်မှုတွေရှိနေပါတယ်။

ဒါပေမယ့် ဒါဟာ မဲမသမာမှုကြောင့်မဟုတ်ဘဲ ဘယ်လိုအကြောင်းခြင်းရာမျိုးကြောင့် ဖြစ်တယ်ဆိုတာကို အခုချိန်ထိ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအရပ်ရပ်အနေနဲ့လည်း အများသိ ထုတ်ပြန်ကြေညာထားချက် မရှိသေးပါဘူး။

ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက “မဲမသမာမှုကြောင့်ဆိုရင် တစ်ခါတည်း ကွန်ပလိန်းတက်ပြီး ရှင်းလို့ရပါတယ်။ ပြီးတော့ ဒီနေ့ခေတ်မှာ မီဒီယာကို ဖွင့်ချလိုက်ရင်တောင် ရပါတယ်။ ဒုတိယ မဲအများဆုံးဖြစ်တဲ့ ပါတီကလည်း ရလဒ်ကိုသဘောတူတယ်၊ ဆိုတော့ မဲမသမာမှုလို့ ဘယ်လိုမှ ပြောလို့မရပါဘူး။ တခြားသော ရည်ရွယ်ချက်တွေနဲ့ ကော်မရှင်ကို အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ခြိမ်းခြောက်နေတာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးစေချင်တယ်” လို့ ဟင်္သာမီဒီယာကို ဖြေကြားပါတယ်။

ဦးထိုက်ဇော် လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

ဒါနဲ့ပတ်သက်လို့ SNLD က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းသီဟကျော်က “ဒီကိစ္စမှာ ကျွန်တော်တို့ဘက်ကပြောနိုင်တာက ကျွန်တော်တို့နဲ့ ဘာမှသက်ဆိုင်မှုမရှိဘူးဆိုတာပါပဲ။ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကို မသိပေမယ့် လူတစ်ယောက်ရဲ့ အသက်အန္တရာယ်ကိုထိခိုက်တဲ့အထိ ကျူးလွန်တာကိုတော့ လက်ခံနိုင်စရာမရှိပါဘူး။ ပြီးတော့ ဦးထိုက်ဇော် မရှိတော့လို့လည်း ကျွန်တော်တို့ပါတီက ဒုတိယမဲအများဆုံးရပေမယ့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမှာ မဟုတ်ဘူးလေ” လို့ ဖြေကြားခဲ့ပါတယ်။

ကျောက်မဲက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ တိမ်းရှောင်နေရတဲ့ အခြေအနေဖြစ်ပေါ်နေတဲ့အပေါ် မူတည်ပြီး သတင်းမှားတွေဖြန့်ဝေနေတာပါ။ ကျောက်မဲဒေသဟာ ပုံမှန်အခြေအနေမှာလည်း ပစ်ခတ်ခြိမ်းခြောက်မှုတွေမကြာခဏ ဖြစ်ပေါ်လေ့  ရှိတဲ့နေရာဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်ရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒီသတင်းတွေမှာ လေ့လာနိုင်ပါတယ်။

VOA သတင်းဌာနရဲ့ ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ် ( https://cutt.ly/ahaYaAV ) သတင်းမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

အဲဒီသတင်းမှာဆိုရင် "စစ်ရေးတင်းမာမှု ပဋိပက္ခတွေ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကျောက်မဲမြို့ အပါအဝင် ရှမ်းပြည်နယ်ရဲ့ နယ်မြေဒေသ တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှု ရှိရေးတွေမှာ အစိုးရ တာဝန်ရှိသူတွေဘက်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်းဒေသခံတွေ ပြောဆိုလိုက်ပါတယ်"လို့ သတင်းလုပ်ငန်းစဉ်အတိုင်း မီဒီယာကျင့်ဝတ်နဲ့အညီ စုံစမ်းမေးမြန်း ဆန်းစစ်ဖော်ပြချက်တွေကို လေ့လာနိုင်ကြမှာပါ။ 

နောက် ဆက်စပ်ဖတ်ရှုသင့်တဲ့ သတင်းတစ်ပုဒ်ကို ထပ်လောင်းညွှန်းဆိုရရင် VOA သတင်းဌာနရဲ့ "ကျောက်မဲ ဦးထိုက်ဇော် ပစ်သတ်ခံရမှု နိုင်ငံရေးကြောင့်ဟု NLD ယူဆ" ( https://cutt.ly/nhsoP6R ) ကို ထပ်မံ လေ့လာကြည့်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။

လတ်တလောပေါ်ပေါက်နေတဲ့ သတင်းတွေအရ ရုတ်တရက် အမှန်လို့ ထင်နိုင်ဖွယ်ရှိတဲ့ ဒီလို သတင်းအချက်အလက်မျိုးကို သေသေချာချာ စိစစ်ပြီးမှ လက်ခံနိုင်ကြဖို့ ဖော်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ စိုးရိမ်သောက ပွားဖွယ် ရေးသားဖော်ပြချက်တွေကို သတိပြုနိုင်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...