တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ရခြင်းက သတင်းအမှားများဖြင့် တိုက်ခိုက်ခံရခြင်း၊ ငွေကြေးအခက်အခဲနှင့် ပါတီသက်တမ်းနုနယ်ခြင်းတို့ကြောင့်ဖြစ်

တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ရခြင်းက သတင်းအမှားများဖြင့် တိုက်ခိုက်ခံရခြင်း၊ ငွေကြေးအခက်အခဲနှင့် ပါတီသက်တမ်းနုနယ်ခြင်းတို့ကြောင့်ဖြစ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ရခြင်းက သတင်းအမှားများဖြင့် တိုက်ခိုက်ခံရခြင်း၊ ကပ်ရောဂါကာလ ပါတီစည်းရုံးရေးကန့်သတ်မှုများနှင့် ငွေကြေးအခက်အခဲများအပြင် ပါတီသက်တမ်းနုနယ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲတွင် ချင်း၊ ကရင်နှင့် ကချင်ပြည်နယ်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၁) ဒေါ်ဒွဲဘူက ၎င်းတို့ပါတီ ရှုံးနိမ့်ခဲ့ရသည့် အကြောင်း အရင် များနှင့် ပတ်သက်၍ “ဒီတိုင်းရင်းသားပါတီတွေ အနိုင်ရရင် စစ်ဖိနပ်အောက် ပြန်ရောက်သွားမယ်။ ကျမတို့က USDP နဲ့ တွဲထားတယ်။ မဟာမိတ်လုပ်ထားတယ်။ အဲ့ဒီက ပိုက်ဆံနဲ့ ရှင်သန်နေတယ်ဆိုတဲ့ဟာမျိုးတွေ ပြောတဲ့အခါကြတော့ ဒီအောက်ခြေမှာ တော်ရုံတန်ရုံနားလည်နိုင်ဖို့ အရမ်းခက်တယ်။ မဲမပေးတော့ဘူးဆိုတာမျိုး ရှိတယ်။ နောက်ပြီး ကျမတို့က တိုက်ခိုက်ခံရတာတောင် တစ်ခုတည်းမဟုတ်ဘူး။ ပူတာအိုလိုနေရာမျိုးမှာဆိုရင် ကျမတို့ KIA လို့ ပြောခံရတယ်ပေါ့လေနော်။ USDP အားကောင်းတဲ့နေရာဆိုရင် KIA လို့ ပြောခံရတယ်။ နောက် မြစ်ကြီးနားလိုနေရာမျိုးကျတော့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်လို့ပြောတယ်။ အနိုင်ရရင် တပ်နဲ့ပူးပေါင်းသွားမယ်။ စစ်ဖိနပ်အောက်ရောက်သွားမယ်လို့ စွပ်စွဲခံရတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ပြည်နယ်လွှတ် တော်အတွက် သုံးနေရာနှင့် ပြည်သူ့လွှတ်တော်အတွက် တစ်နေရာသာ အနိုင်ရခဲ့သည်။

“ရှမ်းတွေ၊ ဗမာတွေ တခြားတိုင်းရင်းသားတွေရှိတဲ့ဘက်ကျတော့ KSPP က ကချင်ပါတီလို့ပြောတယ်။ ကချင်တွေရှေ့မှာကျတော့ သူတို့က ရှမ်းတွေ၊ ကချင်တွေနဲ့ ပေါင်းတာမို့လို့ပေါ့နော်။ ကချင်လူမျိုးအတွက် သီးသန့်သူတို့ မဆောင်ရွက်ပေးနိုင်ဘူး။ နောက်တစ်ခု အဆိုးဆုံးက ပြည်နယ်ပါတီဖြစ်တဲ့ အတွက် သူတို့ဘယ်နည်းနဲ့မှ အစိုးရမဖွဲ့နိုင်ဘူးဆိုတဲ့အခါကြတော့ လူထုတွေက ထောက်ခံချင်သော်ငြားလည်း ဒီအချက် တွေပေါ်မှာ ဝေဝါး သွားတာတွေရှိတယ်” ဟု ဒေါ်ဒွဲဘူကဆက်လက်ပြောသည်။

ထို့အပြင် တိုင်းရင်းသားပါတီများဖက်က စီမံခန့်ခွဲမှုနှင့် စုစည်းမှုပိုင်းတွင် အားနည်းနေသေးသည့် အနေအထားကလည်း မဲရှုံးရသည့် အချက်များထဲတွင် တစ်ချက်ပါဝင်သည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“ရောဂါကိုအကြောင်းပြပြီးမှ ကြိုတင် မဲတွေ ဆောင်ရွက်တာ အဲ့ဒီမှာတစ်ချက်ပေါ့။ ကြိုတင်မဲတွေလို့ ပြောတာ တော့ အသက် ၆၀ ကျော်၊ ဒါပေမယ့် တကယ်တမ်းကြတော့ ၆၀ မကျော်တဲ့လူတွေတပုံတပင်ကြီး၊ နောက်တစ် ချက်က ပါတီကြီးအနေနဲ့ အထူးသဖြင့် နယ်တွေမှာဆိုလို့ရှိရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကိုင်တွယ်ထားပါ လိမ့်မယ်။ ဘာလို့လည်း ဆိုတော့ ကျနော်ကြုံတဲ့ မဲဆန္ဒနယ်မြေ တစ်ခုမှာ ဆရာ့ကိုရွေးမယ့် အဲ့ဒီရွာမှာ အုပ်ချုပ် ရေးမှူး က အပြတ်ကို ပြောထားပြီ။ အနီကိုပဲ ပေးရမယ် ဘာညာ၊ တကယ်တမ်းကြတော့လည်း အခု အဖြေ ထွက်လာတော့ လုံးလုံး လျားလျား ကျွန်တော်တို့က ရှက်စရာကြီး လေးငါး ဆယ်မဲ ဒီလောက်ပဲရပြီးတော့ သူတို့ ဘက်က တစ်ရွာလုံးနီးပါး လောက်ရ တဲ့အနေအထားတွေ။ နောက်သူတို့ စီမံ ဆောင်ရွက်မှုတွေက ပိုကောင်းတဲ့ သဘောမျိုး၊ ကျွန်တော်ကြည့် ရတာ တော့ ဒေါ်စုပြီးရင် ပြီးပြီဆိုတဲ့သဘောမျိုး” ဟု ၎င်းကပြောသည်။

ကြိုတင်မဲအပြင် တပ်မဲနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ၎င်းတို့ရောက်ရှိနေထိုင်သည့် ဒေသများတွင် ရက် ၉၀ နေ ထိုင်ပြီးပါက မဲပေးပိုင်ခွင့်ပြုသည့် ကိစ္စများကြောင့်လည်းပါသည်ဟု ပါတီတာ ဝန်ရှိသူများက ပြော သည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စိုင်းဆွန်လျှို့က “နောက်တစ်ချက်က ရွှေ့ပြောင်းအလုပ်သမား အရမ်းဝင်လာတဲ့ အတွက် ဌာနေ တိုင်းရင်းသား မိဘပြည်သူ မဲပေးပိုင်ခွင့် အင်မတန်ဆုံးရှုံးတာရှိတယ်။ တကယ်တမ်း ဝိုင်းမော်မြို့နယ်ထဲမှ မဲဆန္ဒရှင် ၈၀၀၀၀ ပေါ့၊ အခုမဲလာပေးတဲ့အထဲမှာ ၆၀ ရာခိုင်နှုန်းလို့ပဲ တွက်လို့ရမယ်။ အဲ့ ၆၀ ရာခိုင်နှုန်းထဲမှာ ဌာနေတိုင်းရင်းသားက ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ဟာတွေက ဘယ်သူတွေလဲ ရွှေ့ပြောင်း အလုပ် သမားတွေက ၃၀ ရာခိုင်နှုန်းနီးပါးလောက်ရှိတယ်။ ဌာနေတိုင်းရင်းသားတွေ ဘာကြောင့် မဲပေးပိုင်ခွင့်ဆုံးရှုံး နေ ရတာလဲဆိုရင် မဲပေးတဲ့ကာလမှာ အလုပ်အကိုင်အခက်အခဲတွေကြောင့် တကူးတက မဲလာပေးတာမရှိကြဘူး။ အနိုင်ရတဲ့ပါတီကတော့ သူ့နေရာနဲ့သူ သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်သွားတာ။ နောက်တချက်က ကိုဗစ် ကာလထဲ မှာ လုပ်ရတဲ့အလုပ်ထဲမှာ တကယ့်စိန်ခေါ်မှုပါ” ဟုပြောသည်။

ယင်းသို့ရွှေ့ပြောင်းလုပ်သားများကိစ္စအပေါ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ခဲ့သည့် KSPP ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းကလည်း ထောက်ခံပြောကြားခဲ့သည်။

“ပါတီတွေမနိုင်ရတဲ့အကြောင်းအရင်း ဥပမာ ဆွမ်ပရာဘွမ်မှာဆိုရင် ရွှေ့ ပြောင်းလုပ်သားကိစ္စတွေရှိတယ်။ တပ် မဲကိစ္စတွေရှိတယ်။ မြေပြင်အခြေအနေအရ ကျနော်တို့က အားသာတယ်၊ တကယ်ပဲ နိုင်ပါတယ်။ ဒါပေ မယ့် ရွှေ့ ပြောင်းလုပ်သားတွေ NLD ဘက်ကိုပေးတယ်။ စစ်တပ် ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုပေးတယ်။ ဒါနဲ့ပဲ နိုင် တာပါ။ ဒါက နမူနာပါ။ ဝိုင်းမော်မှာလည်း ဒီတိုင်းပါပဲ၊ ဖားကန့်မှာလည်း ဒီအတိုင်းပါပဲ။ အဓိက ဒီရွှေ့ ပြောင်း လုပ်သားတွေ ရက်ပေါင်း ၉၀ နဲ့ လုပ်တဲ့ဟာမျိုးတွေပေါ့” ဟု ပြောသည်။

ကရင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက တိုင်းရင်းသားရေးဝန်ကြီးအပါအဝင် လွှတ် တော်နေရာ ၃၆ နေရာရှိသည့်အနက် NLD ပါတီက နေရာ ၃၀ တွင် အနိုင်ရှိထားပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ၊ ကရင်ပြည်သူ့ပါတီ (KPP) က သံတောင်မြို့နယ်တွင် တစ်နေရာ၊ ကရင်ပြည်နယ်အတွင်း မွန်ညီညွတ်ရေးပါတီက မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရရှိထားသည်။

ထို့ပြင် ကိုဗစ်ထောက်ပံ့ကြေးပေးသည့်ကိစ္စကလည်း လက်ရှိအာဏာရပါတီကို အားသာသွားစေခဲ့ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ပါတီ အတွင်းရေးမှူး ခူးသဲရယ်က သုံးသပ်သည်။

“စည်းရုံးရေးလည်းလိုတယ်။ ပြောမယ်ဆိုရင် ဒီကြားထဲမှာလည်း လက်ရှိအာဏာရပါတီဖြစ ်တယ်။ အစိုးရလည်း ဖြစ်နေတဲ့အခါကြတော့ ကိုဗစ် နဲ့ပတ်သက်တဲ့ ထောက်ပံ့မှုတွေလည်း တချို့လိုက်ပြီးပေးတာပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကိုပဲ သိရှိတဲ့အခါကြတော့ ငွေရေးကြေးရေးထောက်ပံ့မှုတွေပေးနိုင်တဲ့ ပါတီမဲထည့်တာပါတယ်။ နောက်တစ်ချက်ကလည်း ဒီအချိန်မှာက စစ်တပ်တွေကို နိုင်တယ်ဆို တာကလည်း NLD ပဲ ရှိတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေသေးတာပေါ့နော်။ ကျနော်တို့ ပြောနိုင်တာက တော့ တိုင်းရင်း သားတွေ တော်တော်များများက လက်ရှိ နိုင်ငံရေးကို နားမလည်တာလည်း ပါတာပေါ့” ဟု ၎င်းကပြောသည်။

ကယားပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် နေရာ ၂၀ တွင် NLD က အနိုင်ရရှိထားပြီး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က ၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၆ နေရာ အနိုင်ရရှိထားသည်။

ချင်းပြည်နယ်တွင်လည်း မဲဆန္ဒနယ် ၃၉ နေရာ ရှိသည့်အနက် လွှတ်တော်သုံးရပ်လုံးအတွက် NLD ပါတီက ၃၆ နေရာ အထိ အနိုင်ရရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၁ ပါတီ ရွေးကောက်ပွဲဝင်ခဲ့ကြပြီး ပါတီပေါင်း ၁၉ ပါတီက ကိုယ်စားလှယ်များ မဲနိုင်သဖြင့် လွှတ်တော်တက်ရောက်ရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းရင်းသားရေးရာနှင့် လွှတ်တော်သုံးရပ်အတွက် ၉၂၀ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၇၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ SNLD ပါတီက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီ က ၁၂ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ က ၁၁ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ရှစ်နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက လေးနေရာ အနိုင်ရရှိထားသည်။

ထို့အပြင် ရခိုင့်ဦးဆောင်ပါတီနှင့် “ဝ” အမျိုးသားပါတီက သုံးနေရာစီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီတို့ကနှစ်နေရာစီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီတို့ကတစ်နေရာစီနှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူများထဲက တိုင်း/ပြည်နယ်လွှတ်အတွက် ၂ နေရာ၊ တိုင်းရင်းသားရေးရာအတွက် နှစ်နေရာစီအနိုင်ရရှိခဲ့ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...