မာန်အောင်တွင် ရွေးကောက်ပွဲရှုံးနိမ့်ရသည့်အကြောင်းရင်း NLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မခင်ထိပ်ထားလှိုင်ဖွင့်ဟ

မာန်အောင်တွင် ရွေးကောက်ပွဲရှုံးနိမ့်ရသည့်အကြောင်းရင်း NLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မခင်ထိပ်ထားလှိုင်ဖွင့်ဟ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်မာန်အောင်တွင် ‌ရွေးကောက်ပွဲရှုံးနိမ့်ရခြင်းသည် အကြောင်းရင်းနှစ်ချက်ကြောင့်ဖြစ်ကြောင်း NLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မခင်ထိပ်ထားလှိုင် ဖွင့်ဟပြောကြားခဲ့သည်။

မခင်ထိပ်ထားလှိုင်သည် NLD ပါတီကိုကိုယ်စားပြု၍ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

“ဒီမှာ ကျွန်မတို့ ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ရှုံးသွားတာ အချက်နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ရခိုင်ပြည်နယ်ဟာ တိုင်းရင်းသားလူမျိုးတွေ နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ပါတီဟာ ဗမာပါတီဆိုပြီးတော့  အထင်ခံရတယ်။ ဒါဟာ မဟုတ်ပါဘူး။ ကျွန်မတို့ပါတီဟာ ဗမာပါတီမဟုတ်ပါဘူး။ ပြည်ထောင်စုပါတီဆိုတာကို နံပါတ် ၁ ပြောချင်တယ်။ နောက်တစ်ချက်က ပါတီရဲ့စည်းရုံးရေးတွေလိုအပ်တယ်။  ပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုမှာလည်း အားနည်းချက်တွေရှိခဲ့တယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးရတာကလည်း ပါတီရဲ့စည်းရုံးရေး ညံ့ဖျင်းတာတွေပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက အဆိုပါမြို့နယ်တွင် NLDပါတီက အနိုင်ရရှိခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲ ANP ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလဖြစ်သဖြင့် NLD ပါတီအနေဖြင့် စည်းရုံးမှုအားနည်းခြင်းများအပြင် အခြားသော အားနည်းချက်များလည်း ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“တိုင်းရင်းသားနေရာတော်တော်များမှာ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဗမာပါတီလို့ အထင်လွဲမှုတွေရှိတဲ့အတွက်ကြောင့် ကျွန်မတို့ဟာ ၂၀၁၅ မတူတဲ့ ဆုံးရှုံးမှုကြီးကို ရလိုက်တဲ့လို့ အဲလိုမျိုးခံယူပါတယ်” ဟု ၎င်းကပြောသည်။

သို့သော်လည်းမာန်အောင်တွင် အနိုင်ရရှိသွားသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးများကိုလုပ်ဆောင်၍ ပြည်သူများအတွက် အကျိုးပြုနိုင်သော ကိုယ်စားလှယ်များဖြစ်စေချင်ကြောင်း မခင်ထိပ်ထားလှိုင်က ပြောသည်။

“ကိုယ့်နေရာ ကိုယ့်ဒေကို ဒီထက်မက ဖွံ့ဖြိုးတိုးတက်မှုတွေကောင်းအောင် ပြီးတော့ ပြည်သူနဲ့ အစိုးရကြားမှာ လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတစ်ယောက်ဖြစ်စေချင်ပါတယ်။ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ကျမတို့ မာန်အောင်ကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော လူငယ်ပိုင်းတွေ အတွက်ရော တကယ့်ကို ကောင်းကောင်းမွန်မွန်ထိထိမိမိနဲ့ မှန်မှန်ကန်ကန်နဲ့ ပြည်သူ့အတွက် အကျိုးပြုနိုင်တဲ့ ကိုယ်စားလှယ်တွေဖြစ်ပါစေ” ဟု ၎င်းကပြောသည်။

ယခုလို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ၎င်းအနေဖြင့် နိုင်ငံရေးကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး အထူးသဖြင့် လူငယ်များကဏ္ဍများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိလည်း ကျွန်မအနေနဲ့ ရခိုင်ပြည်နယ် လူငယ်တာဝန်ခံဖြစ်တဲ့အတွက် ဆက်လုပ်စရာတွေ အများကြီးရှိသေးတယ်။ လူငယ်ပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ အများကြီး လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

မခင်ထိပ်ထားလှိုင်အနေဖြင့် အသက် ၁၈ နှစ်ကတည်းက နိုင်ငံရေးလုပ်ဆောင်လာခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပထမဆုံးကျင်းပသည့် လူငယ်ညီလာခံတွင် ရခိုင်ပြည်နယ်လူငယ်များ၏ ထောက်ခံမှုဖြင့် ရခိုင်ပြည်နယ် လူငယ်ရေးရာတာဝန်ခံအဖြစ် ရွေးချယ်ခံရပြီး ယနေ့တိုင် ၎င်းတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...