လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနော်မာဂရက်စစိန်နှင့်ဆက်သွယ်မေးမြန်းခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနော်မာဂရက်စစိန်နှင့်ဆက်သွယ်မေးမြန်းခြင်း

ကယား(ကရင်နီ)ပြည်နယ် အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)၏ ဖားဆောင်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနော်မာဂရက်စိန်ကို ၂၀၂၀ ရွေးကောက်ပွဲနှင့် ၎င်းတို့ပါတီဆိုင်ရာ အခြေ အနေတချို့ကို ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက် ဖြစ်ပါသည်။

မေး။    ။ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် အနောတို့ပါတီရဲ့ အခြေအနေလေး ပြောပြပေးပါ။

ဟုတ်။ ကျမတို့ပါတီက ဖရူဆိုက ၅နေရာစလုံး အနိုင်ရပါတယ်။ ရှားတောမြို့နယ်မှာက သုံးနေရာ နိုင်ပြီးတော့ ပြည်နယ်လွှတ်တော် သုံးနေရာမှာ အမျိုးသမီးတယောက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ငါးနေရာပေါ့။ ပြည်နယ် လွှတ်တော်မှာဆို အနိုင်ရများတဲ့ NLD ပါတီက အစိုးရဖွဲ့ဖို့ သုံးနေရာလိုတော့ သူတို့က ခက်နေပြီလေ။ ပြည်နယ်အစိုးရ က ၁၁ယောက် ရှိရမယ်လေ။ KySDP က ၈ဦး။ USDP က ၅ဦးနဲ့ ကျန်တာတွေက NLD ပါတီကပါ။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)အနေနဲ့ ကိုယ်စားလှယ်လောင်း အယောက် ၃၀ ပါ။ မိတ်ဖက် ကယန်းအမျိုးသားပါတီက လေးနေရာ စုစုပေါင်း ၃၄ယောက်ပါ။ ပြောရရင်တော့ ကိုယ်စားလှယ်လောင်း အယောက် ၃၀မှာ ၈ယောက် အနိုင်ရပါတယ်။

မေး။    ။ ကယား(ကရင်နီ)ပြည်နယ်ထဲမှာ ခရိုင်၊ မြို့နယ် အရေအတွက်နဲ့ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေ ဘယ်လောက်ရှိပါသလဲ။

ပြည်နယ်ထဲမှာ ခရိုင် ၂ခု၊ မြို့နယ် ၇ခုရှိပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေ က ၈ပါတီရှိပါတယ်။

မေး။    ။ ဘယ်မြို့နယ်တွေက နိုင်ငံရေးပါတီတစ်ခုတည်း အားသာနေပြီး မဲအနိုင်ရသလို ဖြစ်ခဲ့သလဲ အနော။

    ကျမတို့ပါတီက KySDP-ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီပါ။ အနိုင်ရတာက ကယောဒေသက ကယောလူ မျိုး ၃ယောက်ပါပြီး သူတို့ရဲ့ ကြိုတင် ပြင်ဆင်မှုတွေရယ်၊ လူငယ်ဝန်းရံမှု အားကောင်းလို့ပါ။ ကယားက သူ့နေရာ၊ သူ့လူ မျိုးများ ပြင်ဆင်ထားမှု အားကောင်းတယ်။ လူငယ်တွေလည်း အားကောင်းတယ်။ ဒါက ဖရူဆိုပါ။

ဘောလခဲ(မြို့နယ်)ကလည်း စစ်တပ်ဧရိယာမို့ အစဉ်အလာအရ USDP(ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ)က အားကောင်းတယ်။ ရှားတောကလည်း ကယားလူမျိုးများ ကြိုတင်ပြင်ဆင်ထားသလို လူငယ်အားကောင်းတယ်။ အဲဒီ အထဲက ပြည်နယ်လွှတ်တော်အမတ်က အသက် ၂၅နှစ်၊ အသက် အငယ်ဆုံးပေါ့။ အရမ်းတော်တယ်လေ။

မေး။    ။ အနောတို့ပါတီက ၈ဦး မဲအနိုင်ရတယ်ပေါ့နော်။ အဲဒီအထဲမှာ အမျိုးသမီး ဘယ်နှစ်ဦးပါသလဲ။ ပြီးတော့ ဘယ် မြို့နယ်တွေမှာ ဒီပါတီက အနိုင်ရသလဲပေါ့။

    ကျမတို့ပါတီက အနိုင်ရသူတွေထဲမှာ အမျိုးသမီးနှစ်ယောက်ပါတယ်။ တယောက်က ရှားတော ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း မော်မိုးမြာ။ သူက ကယားလူမျိုး။ နောက်တစ်ယောက်ကတော့ ဒေါ်အယ်ဗလင်း။ ဖရူဆို မြို့နယ်က ကယောအမျိုးသမီး ဖြစ်ပါတယ်။ မော်မိုးမြာက ၂၇နှစ်၊ အယ်ဗလင်းက ၃၃နှစ် လူငယ်တွေပေါ့။ ကျမတို့ပါတီ က ရှားတောနဲ့ ဖရူဆိုမြို့နယ်တွေမှာ အနိုင်ရကြတာဖြစ်ပါတယ်။

မေး။    ။ စောစောက ပြောတဲ့အထဲမှာ ကြိုတင်ပြင်ဆင်မှု အားကောင်းလို့ အခုလို အနိုင်ရရှိတယ်ဆိုတာပေါ့နော်။ ဒီတော့ ဘယ်လောက်ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ရသလဲ။ ဘယ်လိုပုံစံလေးလဲပေါ့။

    သိထားရသလောက်တော့ တစ်နှစ်ကြာလောက် ကြိုတင်ပြင်ဆင်ခဲ့တယ်။ ကရင်နီလူငယ်တွေက ပညာတတ် ရောပါသလို စည်းလုံးမှုလည်း အားကောင်းကြတယ်။ ဒါ့အပြင် Voter Education လည်း ကောင်းလို့ပါ။

မေး။    ။ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက ဘယ်လွှတ်တော်တွေမှာ ဝင်ရောက် အရွေးခံကြသလဲ။ ပြီးတော့ သူတို့တွေအနေနဲ့ လူထုအတွက် ဘာတွေ ဆောင်ရွက်ပေးသွားနိုင်မယ်လို့ အနောအနေနဲ့ ယုံကြည်သလဲ။

    ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် သုံးခုစလုံး နိုင်တာပါ။ ကျမတို့ပါတီက ရွေးကောက်ခံကိုယ်စားလှယ်များက အရည်အချင်းအပြည့်အပြင် ပြည်နယ်အတွက် တကယ်လုပ်ဆောင်မယ်လို့ ယုံကြည်တယ်လေ။ တစ်ချိန်က သူတို့အားလုံး ပြည်နယ်အတွက် တကယ်လုပ်ပေးခဲ့တယ်။ အခု အစိုးရဖြစ်ကြပြီလေ။ ဒါကြောင့် ကရင်နီပြည်သူအတွက် အမှန်တကယ် ပေးဆပ်မယ်လို့ ယုံကြည်သလို အားကိုးပါတယ်။ ကရင်နီပြည်ရဲ့ အနာဂတ်ကို သူတို့ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်လျက်ပါ။

မေး။    ။ NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းတဲ့နေရာတွေအပေါ်မှာကော ဘယ်လိုသုံးသပ်ပြောဆိုချင်ပါ သလဲ။

    NLD က လွန်ခဲ့တဲ့အချိန် ငါးနှစ်ကတည်းက လူအမာခံရှိတာရယ်၊ လူထုကလည်း ပါတီကြည့်တာ များတယ် လေ။ လက်ရှိ အာဏာရှိပြီး လုပ်ပိုင်ခွင့် ပိုရလို့ ပိုပြီး အနိုင်ရတာလို့ မြင်မိပါတယ်။

မေး။    ။ ပြည်နယ်အစိုးရဖွဲ့ဖို့ အရေးကိစ္စမှာဆိုရင်ကော ဘယ်လိုဖြစ်သင့်တယ်လို့ အနော မြင်သလဲ။

ပြည်နယ်အစိုးရဖွဲ့မယ်ဆိုရင် တိုင်းရင်းသားတောင်းဆိုမှုကို လိုက်လျောမယ်ဆိုရင် NLD နဲ့ ပေါင်းသင့်ပါတယ်။ မလိုက်လျောနိုင်ရင်တော့ ဒီတိုင်းပဲ လွှတ်တော်ထဲ ရပ်တည်ရင် ကောင်းမယ်။ NLD က တပ်နဲ့ ဒါမှမဟုတ် USDP နဲ့ ပေါင်းပြီး အစိုးရဖွဲ့ရင်တော့ ဝေဖန်စရာ ဖြစ်လာမယ်လို့ မြင်မိပါတယ်။

မေး။    ။ ကျမ မေးတဲ့အထဲ မပါသေးဘဲ အနော ဘာထပ်ဖြည့်စွက်ပြောချင်တာရှိလဲ။

ကျမအနေနဲ့ ၂၀၂၅အတွက် အခုကတည်းက ပြင်ဆင်ရမယ်။ နိုင်ငံရေးစာတွေ ပိုလေ့လာရမယ်။ နယ်မြေကို ပို ကွင်းဆင်းရမယ်။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်သိရမယ်။ နည်းဗျုဟာ၊ နည်းပညာ လေ့လာရမယ်။ လူထုနဲ့ပို ရင်းနှီးအောင်လုပ်ရမယ်လေ။ ဒါမှ အရည်အချင်းပြည့် အမတ်တစ်ယောက်ဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကို ပြောချင်ပါ တယ်။

မေး။    ။ ကယား(ကရင်နီ)ပြည်နယ်ထဲက ကရင်တိုင်းရင်းသူတစ်ဦးလည်းဖြစ်တော့ ကရင်နိုင်ငံရေးပါတီတွေကိုကော နောက်ဆုံးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

စည်းလုံးဖို့လိုတယ်။ လေးပါတီကို တစ်ပါတီလုပ်ဖို့ လိုတယ်။ ကယားတောင် နှစ်ပါတီပေါင်းပြီး တစ်ပါတီလုပ်မှ စအောင်မြင်တာကို နမူနာယူရမယ်လေ။ ရင်ထဲက အပြောချင်ဆုံးစကားက စည်းလုံးခြင်းသည် အင်အားပါပဲ။ ဟာလဲအဂေနော် သရာမူ။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...