ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး AA ထုတ်ပြန်ချက် ငြိမ်းချမ်းရေးအတွက်ပါ ကောင်းသည့်ကိစ္စဖြစ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပြော

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး AA ထုတ်ပြန်ချက် ငြိမ်းချမ်းရေးအတွက်ပါ ကောင်းသည့်ကိစ္စဖြစ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ထုတ်ပြန်ချက် ငြိမ်းချမ်းရေးအတွက်ပါ ကောင်းသည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောသည်။

ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို ကြားဖြတ်ရွေးကောက်ပွဲအဖြစ်အမြန်ဆုံး ကျင်းပပေးရန် တိုက်တွန်ကြောင်း AA က နိုဝင်ဘာ ၁၂ ရက်နေ့စွဲနှင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဦးမောင်မောင်စိုးက “ရခိုင်မှာ ကျွန်တော်တို့ကိုးမြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်တာက နိုင်ငံရေးဘောင်ကျဉ်းသွားတဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီကိစ္စကို  အမြန်ဖြေရှင်းဖို့ လိုပါတယ်။ နောက်တစ်ချက်က ရခိုင်မှာ တပ်မတော် ဘက်ကရော၊ AA ဖက်ကရော အပြန်အလှန် အပြစ်အခတ် ရပ်စဲတဲ့ အချိန်ကာလကို အခွင့်ကောင်း ယူပြီးတော့ လာမယ့် လတွေ အတွင်းမှာပေါ့နော်။ အစိုးရသစ်မဖွဲ့ခင်မှာ ကျွန်တော် တို့ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်မယ်ဆိုရင် လွှတ်တော်နိုင်ငံရေး အခင်းအကျင်းဟာ ပိုအသက်ဝင် လာပါမယ်။ အဲဒီအတွက် ဥပဒေဘောင်အတွင်း နိုင်ငံရေးဟာကျယ်လာရင်တော့ ကျွန်တော်တို့ စစ်ဘောင်ကို လျှော့ချလို့ရပါလိမ့်မယ်။ တတိယအချက်ကတော့ ဒီလို့ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး AA ဖက်ကလည်း ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ AA နဲ့ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ အတွက်လည်း လမ်းကြောင်း ပေါ်သွားလိမ့်မယ်ထင်ပါတယ်။ ဒါဟာ တကယ်ကောင်းတဲ့ ကိစ္စပါ။ တစ်ဖက်ကလည်း NLD ပါတီသည်လည်း ဒီနေ့ ၃၉ ပါတီကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြဖို့ စာပို့တာကို တွေ့ရတယ်ဗျ။ ဒီလိုအခြေအနမျိုးတွေရှိလာရင် ဒါဟာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရပါမယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ရခိုင်လူထုအနေဖြင့် နိုင်ငံရေးဘောင်ထဲတွင် ပါဝင်လှုပ်ရှားမှု နည်းပါးသွား နိုင်ပြီး  စစ်ဘောင်ကျယ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

“မကျင်းပနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ ရခိုင်ပြည်နယ်လွှတ်တော်အခင်းအကျင်းဟာ အရမ်းဘောင်ကျဉ်း သွားလိမ့်မယ်ဗျ။ ဘောင်ကျဉ်းသွားရင် အဲဒါနိုင်ငံရေးဘောင်ကျဉ်းတာဖြစ်သွားပြီးတော့ ရခိုင်လူထုရဲ့ တရားဝင် နိုင်ငံရေးဘောင်ထဲမှာ ပါဝင်လှုပ်ရှားမှုနည်းပါးသွားလို့ရှိရင် ကျနော်တို့ စစ်ဘောင်ကျယ်တာဖြစ်လာနိုင်ပါတယ်။ အဲတွက် အဲဒါတွေကတော့ မကောင်းပါဘူး။ အမြန်ဆုံးနိုင်ငံရေးဘောင် ကျယ်အောင်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ”

အနိုင်ရ NLD ပါတီအနေဖြင့် တိုင်ရင်းသားပါတီများကို မိတ်ဖက်ပါတီများ အဖြစ်သဘောထားကာ တိုင်းရင်းသား အရေးကို ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

“ရခိုင်ပြည်နယ် အရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပြည်နယ် အရေးပဲဖြစ်ဖြစ် အနိုင်ရ (NLD) ပါတီအနေနဲ့ မိတ်ဖက်ပါတီတွေ၊ ဆွေးနွေးဖက်ပါတီတွေအဖြစ် သဘောထားမယ်။ သူတို့ရဲ့ ပြည်နယ်အရေးကိစ္စ၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ရင် မိတ်ဖက်ပါတီတွေအဖြစ်၊ ဆွေးနွေးဖက်ပါတီတွေအဖြစ် ဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဒီပြဿနာဖြေရှင်းဖို့ လမ်းစပွင့်သွားလိမ့်မယ် ထင်ပါတယ်။”

ဆက်လက်၍ ၎င်းက နောက်ထပ်အစိုးရအဖွဲ့သေးမီ ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ပါက အကောင်းဆုံး အခြေအနေဖြစ်သည်ဟု ဆိုသည်။

ယနေ့ AA ၏ ထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းထားပြီးရွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန် အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ULA/AA မှ ဆန္ဒရှိပါကြောင်း ဖော်ပြထားသည်။

ထိုသို့ AA ၏ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း တပ်မတော်ဘက်ကလည်း ထုတ်ပြန်တစ်စောင်ထုတ်ပြန်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...