လွှတ်တော်နေရာ ၁၂ နေရာ အနိုင်ရရှိထားဟု မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမပြော

လွှတ်တော်နေရာ ၁၂ နေရာ အနိုင်ရရှိထားဟု မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမပြော

မဲစာရင်းစီစစ်မှု မပြီးဆုံးသေးသော်လည်း မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် လက်ရှိအချိန်အထိ လွှတ်တော်နေရာ ၁၂ နေရာ အနိုင်ရရှိထားသည်ဟု ယင်းပါတီမှ အထွေထွေတွင်းရေးမှူး ၁ နိုင်လယီတမက ပြောသည်။

နိုင်လယီတမက “အားလုံး ၁၂ နေရာ၊ ၁၂ နေရာမှာ မြို့နယ်အလိုက် ပြောရမယ်ဆိုလို့ရှိရင် ရေးမြို့နယ်မှာ ငါး နေရာ၊ သံဖြူဇရပ် တစ် နေရာ၊ မုဒုံကသုံးနေရာ၊ ချောင်းဆုံကတစ်နေရာ၊ ကြိုက်မရော တစ်နေရာနဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသား ရေးရာ တစ် နေရာ အားလုံး ၁၂ နေရာပေါ့လေ။ လွှတ်တော် အလိုက်ပြောရမယ်ဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်က နှစ်နေရာ၊ အမျိုးသားလွှတ်တော်က သုံး နေရာ၊ ပြည်နယ်လွှတ်တော်က ခြောက်နေရာနဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာက တစ်နေရာ လက်ရှိအချိန်အထိပေါ့လေနော်” ဟုပြောသည်။

ထို့ပြင် အခြားမြို့နယ်များတွင် စာရင်းစီစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး အနိုင်အရှုံးမှာ မသေချာသေးကြောင်း နိုင်လယီတမက ဆက်ပြောသည်။

“နောက်မနိုင်သေးတဲ့ နေရာကလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ မဲစာရင်းတွေ ကို စီစစ်နေတာအများကြီး ရှိနေပါသေးတယ်။ သံဖြူဇရပ်ရှိတယ်။ ပေါင်ရှိတယ်။ ချောင်းဆုံ၊ ကြိုက်မရော၊” မဲစာရင်းများ စီစစ်နေသည့် သံဖြူဇရပ်၊ ချောင်းဆုံ၊ ကြိုက်မရောနှင့် ပေါင်မြို့နယ်များတွင် မွန်ပြည်သစ်ပါတီအနေဖြင့် နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ထားသည်ဟု သိရသည်။

မွန်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် အနိုင်ရရှိမှု ပိုမိုရရှိလာခဲ့သော်လည်း ယခုနှစ် ရွေးကောက်ပွဲသည် ထူးခြားရှုတ်ထွေးမှုများစွာ ရှိနေသည်ဟု ၎င်းက ပြောသည်။

နိုင်လယီတမက “ကျနော်တို့အောင်နိုင်မှုကတော့ ၂၀၁၅ ထက်စာရင်တော့ သုံးပုံ နှစ်ပုံ တိုးတက်လာတယ်။ သို့သော် ကျနော်တို့ လက်ရှိ ရွေးကောက်ပွဲကတော့ ကျနော်တို့ မျှော်မှန်းထားသလောက်ကတော့ မအောင်မြင်ဘူးပေါ့။ ဒါက ထူးခြားချက်ပေါ့နော။ နောက်ထပ် ထူးခြားချက်တစ်ခုရှိတာက ဒီမဲစာရင်းတွေက စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ရှိလာတဲ့ အခါကျတော့ မြို့နယ်တိုင်းမြို့နယ်တိုင်းမှာ ပြန်လည်စီ စစ်နေရတဲ့ အနေအထားတွေ ရှိတယ်။ အဲဒါလည်း ၂၀၁၅ ထက်စာရင် ဒါကလည်းထူးခြားမှုတစ်ခုပေါ့” ဟုပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက မဲဆန္ဒနယ် ၄၀ နေရာအထိ အနိုင်ရရှိခဲ့ပြီး မွန်ပါတီ နှစ်ပါတီ က မဲဆန္ဒနယ် လေးနေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ကတစ်နေရာ ရရှိခဲ့သည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် ခရိုင်နှစ်ခုရှိပြီး မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိသည်။

မော်လမြိုင်ခရိုင်အတွင်း မော်လမြိုင်၊ ချောင်းဆုံ (ဘီလူးကျွန်း)၊ ကျိုက္ကမရော၊ မုဒုံ၊ သံဖြူ ဇရပ်၊ ရေးမြို့နယ်များနှင့် သထုံခရိုင်အတွင်း ကျိုက်ထုံ၊ သထုံ၊ ဘီးလင်း၊ ပေါင် မြို့နယ်တို့ဖြစ်ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...