တောင်ကြီးမြို့နယ်၏ လွှတ်တော်သုံးရပ်လုံးတွင် NLD အနိုင်ရကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် တရားဝင်ထုတ်ပြန်

တောင်ကြီးမြို့နယ်၏ လွှတ်တော်သုံးရပ်လုံးတွင် NLD အနိုင်ရကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် တရားဝင်ထုတ်ပြန်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

တောင်ကြီးမြို့နယ်၏ လွှတ်တော်သုံးရပ်တွင် NLD ကိုယ်စားလှယ်လောင်းများအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက်အကြာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တောင်မြို့နယ်ကော်မရှင်အနေဖြင့် လွှတ်တော်သုံးရပ်အတွက် မဲစာရင်းရလဒ်များကိုသာ ထုတ်ပြန်နိုင်ခဲ့သော်လည်း တိုင်းရင်း သားရေးရာ မဲစာရင်းများကို ယနေ့အထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၁၂၈၀၈ မဲဖြင့်လည်းကောင်း၊ ဦးအောင်ကိုကိုက အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ၁၂၃၃၈၄ မဲဖြင့်လည်း ကောင်း၊ လက်ရှိရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁တွင် ၆၁၃၄၇ မဲဖြင့်လည်းကောင်း၊ လက်ရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ၅၂၂၀၀ မဲ ဖြင့်လည်းကောင်း ပြိုင်ဖက်ပါတီများကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တစ်လုံးကြီး စသဖြင့်ရပ်ကွက်ပေါင်း ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုရှိပြီး မဲရုံပေါင်း ၂၅၄ ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၃၂၄၉၁၃ ဦးခန့်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၁၅ ပါတီမှ  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၀ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကိုးဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် ၁၃ ဦး၊  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ရှစ် ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ခြောက်ဦး၊ ဗမာလူမျိုးတိုင်းရင်းသားရေးရာတွင် ခုနစ်ဦး၊ ကချင်လူမျိုးတိုင်းရင်းသားရေးရာတွင် လေးဦး၊ လီဆူတိုင်းရင်းသားရေးရာတွင် ခြောက်ဦး၊ လားဟူငါးဦး၊ အင်းလူမျိုးတိုင်းရင်းရင်းသားရေးရာ ခြောက်ဦး၊ အာခါလူမျိုးတိုင်းရင်းသားရေးရာတွင် သုံးဦး၊ ကယန်းလူမျိုးတိုင်းရင်းသားရေးရာတွင် ငါးဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၇၆  ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...