ကချင်နှင့် ရှမ်းတို့ရှိ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွင် ဒူးလေးပါတီအနိုင်ရ

ကချင်နှင့် ရှမ်းတို့ရှိ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွင် ဒူးလေးပါတီအနိုင်ရ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ  လီဆူတိုင်းရင်းသား ရေးရာဝန်ကြီးနေရာနှစ်ခုကို လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဒူလေးပါတီ ဥက္ကဌ ဦးရွှေမင်း အနိုင်ရှိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဦးဂူဆာကအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

"အဓိကတော့ ကျွန်တော်တို့ ကိုယ့်လူမျိုး အမျိုးသားရေးဖွံ့ဖြိုးတိုးတက်မှုက အဓိက လုပ်ရမယ့်တာဝန်က ရေးရာ ဝန်ကြီးတွေ တာဝန်ပေါ့ဗျာ။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ် အခြားသော လွှတ်တော်နေရာတွေ အနိုင်ရ ခဲ့ရင်တော့ ကျွန်တော်တို့ ပြည်သူအားလုံးအတွက် ဆောင်ရွက်သွားရမှာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားရေး ရာလွှတ်တော်ကိုယ်စားလှယ်ကတော့ အားလုံးအတွက်တော့ ဆောင်ရွက်ရတဲ့အပိုင်းမှာ အားနည်းချက်ရှိမယ်။ ဘာကြောင့်လဲဆိုရင်တော့ တိုင်းရင်းသားရေးရာဖြစ်နေတဲ့အတွက် ဒါပေမဲ့အစိုးရအဖွဲ့ထဲ ပါဝင်မှုအပေါ်မူတည်ပါ လိမ့်မယ်။ ပြည်နယ်အစိုးရအနေနဲ့ တာဝန်ပေးမှုအပေါ်ရှိလာရင်တော့ ပြည်သူတွေအားလုံးအတွက် အလုပ်လုပ် လို့ရမယ်လို့ မြင်မိတယ်ဗျ" လို့  ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းအပေါ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်းကပြောသည်။

အဆိုပါ ပါတီအနေဖြင့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ်များတွင် သုံးနေရာအထိ အနိုင်ရမည်ဟု မျှော်လင့်ထားပြီး ယင်းနေရာမှ မဲရလဒ်အခြေအနေများနှင့်ပတ်သက်၍  ၎င်းတို့ကိုယ်စားလှယ်များနှင့် ယခုအချိန် ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြို့နယ်များမှာ ပူတာအို၊ ချီဖွေ၊ ဆောလော့၊ ခေါင်လန်ဖူး၊ ဝိုင်းမော်၊ မြစ်ကြီးနားနှင့် တနိုင်းဟူ၍ မြို့နယ် ခုနစ်မြို့တွင် ကိုယ်စားလှယ်လောင်း ၂၃ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင်လေး နေရာ၊ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် တစ်နေရာနှင့် ရှမ်း၌ပင်လီဆူတိုင်းရင်းသားရေး ရာဝန်ကြီးနေရာတစ်နေရာ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အမျိုးသမီး ကိုယ်စားလှယ်လောင်းသုံးဦးပါဝင်ကြောင်းနှင့် အနည်းဆုံး ၁၅ နေရာအနိုင်ရရန်မျှော်မှန်းထားကြောင်း သိရသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)သည် လီဆူအမျိုသားရေးကိုအခြေခံ၍ ပြည်သူ တစ်ရပ်လုံး တန်းတူညီမျှရေးနှင့်အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို မူဒါဒချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံရေးဖြစ် စဉ်များတွင် တပ်မတော်ပါဝင်မှုအပေါ် လက်ခံလေ့ရှိသည့်ပါတီဖြစ်ပြီး လွှတ်တော်တွင် တပ်မတော်ပါဝင်သည့်အ တွက် အာဏာသိမ်းမှုရှောင်လွှဲနိုင်မည်ဟုယုံကြည်လျက်ရှိသောပါတီတစ်ခုဖြစ်သည်။

“၂၅ ရာခိုင်နှုန်း တည်ရှိနေဖို့ လက်ရှိအခြေနေအရတော့ ကောင်းပါလိမ့်မယ်လို့မြင်တယ်။ ဘာကြောင့်လဲ ကျွန်တော်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေများကြီးရှိတယ်။ ရောင်စုံလက်နက်ကိုင် အုပ်စုတွေများကြီး ရှိတဲ့ အတွက် တပ်မတော်ကလည်း သူ့နေရာနဲ့သူတည်ရှိနေပါလိမ့်မယ်။ ဒီချိန်မှာ တပ်မတော်နဲ့ပတ်သက်ပြီး အင်အားလျော့မယ်။ ရာခိုင်နူန်းလျော့မယ်ဆိုရင် အခက်ခဲဆုံးဖြစ်လာမယ်လို့ ယူဆမိတယ်”ဟု ဦးရွှေမင်းက ရွေးကောက်ပွဲမတိုင်မီ ပြောကြားထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...