"NLD အစိုးရလက်ထက် ဖျက်ဆီးခဲ့သော နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသောဥပဒေများ" ဆိုတဲ့ သတင်းတု/သတင်းမှား

"NLD အစိုးရလက်ထက် ဖျက်ဆီးခဲ့သော နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသောဥပဒေများ" ဆိုတဲ့ သတင်းတု/သတင်းမှား
by -
Hinthar

"NLD အစိုးရလက်ထက် ဖျက်ဆီးခဲ့သော နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသောဥပဒေများ" လို့ ခေါင်းစဉ်တပ်ထားတဲ့ အချက်အလက်မှားနေတဲ့ ပို့စ်တစ်ခု အောက်တိုဘာ ၃၁ ရက် မွန်းတည့် ၁၂ နာရီ ၃ မိနစ်မှာ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ထွက်ပေါ်ပျံ့နှံ့လာပါတယ်။

ဒီပို့စ်ကိုတော့ အမှန်တရားဘက်တော်သားဆိုတဲ့ Page မှာ တင်ခဲ့တာပါ။ Media/News Company လို့လည်း Page ရဲ့ အကြောင်းအရာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီပို့စ်မှာ ရေးသားထားတာတွေဟာ မှား/မှန်ရောထွေး မခိုင်မာ/မရေရာတဲ့ ဖော်ပြထားချက်တွေပါရှိနေပြီး သူညွှန်းဆိုထားချက်အရဆိုရင် NLD ပါတီအပေါ် အများအမြင်မှာ ထင်မြင်ယူဆချက်မလွဲမှားရင်တောင်မှ ဝေဝါးသွားစေလောက်ဖွယ် အချက်အလက်တွေ ပါရှိနေတာကို စိစစ်သုံးသပ်တွေ့ရှိရပါတယ်။

အဲဒီပို့စ်မှာ ရေးသားဖော်ပြထားတာကတော့ "၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပဲ ထပ်ပြီး မဲနိုင်မှာတဲ့။ ဟုတ်ကဲ့ နိုင်ပါစေ၊ ဒါပေမယ့် ကျွန်မတို့ ထည့်မယ့်မဲက NLD အတွက် မဟုတ်ဘူး။ ဧည့်စာရင်း စစ်တဲ့ဥပဒေ၊ နောက်ယောင်ခံစောင့်ကြည့်ရေး အရေးပေါ်စီမံမှုဥပဒေတွေကို ဖျက်လိုက်တော့ နိုင်ငံနဲ့ချီမပြောသေးဘူး၊ ရပ်ကွက်ထဲမှာတောင် လုံခြုံမှုမရှိတော့ဘူး။ နိုင်ငံခြားသားကလေး မွေးစားခွင့်ဥပဒေကိုလည်းလက်မခံဘူး။ နောင်တစ်ချိန်မှာ အင်္ဂလိပ်ခေတ်ကလို ကိုယ့်မြေကိုယ့်ရေမှာတောင် မြန်မာမဝင်ရဆိုတဲ့ အဖြစ်မျိုး နောက်မျိုးဆက်တွေအတွက် ထပ်မဖြစ်စေချင်လို့။ ဘာသာပေါင်းစုံ ညီညွတ်ရေးအကြောင်းပြ ဗုဒ္ဓဘာသာကို ထင်သလို စော်ကားနှိပ်ကွပ်ပြီး လူတွေ တစ်နေ့ထက်တစ်နေ့ ပိုပြီး နစ်မွန်းနေတာတွေကို နောက် နှစ်သစ်တွေမှာ နိဂုံးချုပ်စေချင်ပြီ။ ဒါကြောင့် ကြိုက်တဲ့သူတွေပေးကြ။ ကျွန်မနဲ့ ကျွန်မမိသားစုဝင်တွေကတော့ NLD ကို ဘယ်တော့မှ မဲပေးမှာ မဟုတ်ဘူး" လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ပို့စ်ရဲ့နောက်ဆက်တွဲမှာ "cre နိုင်မင်း" လို့လည်း ဖော်ပြထားတာပါ။

ဒီ ပို့စ်ကို Like လုပ်ထားသူ ၄၃၀ ရှိပြီး၊ပြန်လည်မျှဝေ Share လုပ်ထားသူ ဦးရေဟာလည်း ၄၉၀ ထိ ရှိခဲ့တာမို့ ဒီ ရေးသားဖော်ပြချက်အပေါ် ယုံကြည်ပြီးပျံ့နှံ့မှုရာခိုင်နှုန်း များပြားတာကို သုံးသပ်တွေ့ရှိကြမှာ ဖြစ်ပါတယ်။

ပို့စ်မှာဖော်ပြထားတဲ့ ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာဥပဒေတွေကို အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အများစုက ပယ်ဖျက်ဖို့ ဆန္ဒပြုတဲ့အတွက် ဖျက်သိမ်းဖို့ ၂၀၁၆ ဇွန် ၃ မှာ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်တယ်ဆိုတာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ (https://cutt.ly/bgOWQTC)

ဒါပေမဲ့ နယ်ခြားစောင့်စစ်ဆေးရေးဥပဒေတို့ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဆိုတာတွေကတော့ ပုဒ်မ အနေနဲ့ ရှိချင် ရှိနေနိုင်မှာပေမဲ့ ဥပဒေအဖြစ် မယ်မယ်ရရ ပြဋ္ဌာန်းထားတာ သီးသန့် မရှိခဲ့ပါဘူး။ ရှိခဲ့ရင်လည်း ပြင်ဆင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတာ၊ အဆိုတင်သွင်းတာ၊ ပယ်ချတာ၊ ကန့်ကွက်တာ စသဖြင့် မှတ်တမ်းမှတ်ရာ ရှိမထားပါဘူး။ မရှိခဲ့တဲ့ ဥပဒေကို ဖျက်ဆီးလိုက်တယ်ဆိုတာကတော့ စွပ်စွဲချက်သက်သက်လို့ ကောက်ချက်ချနိုင်တဲ့အနေအထားသာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားလွှတ်တော်ရှေ့နေ ဦးတင်မောင်မြင့် (LL.B.D.I.L.,WIPO (Switzarland)) ကတော့ ဒီပို့စ်ပါ ရေးသားဖော်ပြချက်တွေကို တိုက်ဆိုင်စစ်ဆေးပြီးနောက် "ပြဌာန်းဥပဒေများနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး" လို့ပဲ မှတ်ချက်စကားဆိုပါတယ်။

ပို့စ်မှာပါရှိတဲ့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ၁၉၇၅ ပြည်သူ့လွှတ်တော် ဥပဒေ ၃ အဖြစ် ပြဋ္ဌာန်းခဲ့တာပါ။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ရှိအစိုးရလက်ထက် ၂၀၁၆ မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးကတော့ အချက်အလက်အမှန်ဖြစ်တယ်ဆိုတာ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ (https://cutt.ly/HgOE87K)

ဒါကြောင့် ဒီပို့စ်ဟာ ရည်ရွယ်ချက်ရှိရှိ သတင်းအချက်အလက် အမှန်နဲ့အမှား ရောထွေးရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။

နောက်ယောင်ခံစောင့်ကြည့်ရေးဥပဒေကိုလည်း လက်ရှိအာဏာရပါတီက ဖျက်ဆီးလိုက်တယ်လို့ ပို့စ်မှာ ရေးသားထားပေမဲ့လို့ တကယ်တမ်းမှာ နောက်ယောင်ခံစောင့်ကြည့်ရေးကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ကို လက်ရှိအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ပြည်သူများအပေါ် ရဲတပ်ဖွဲ့နှင့် တပ်မတော်ဘက်က နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ နေအိမ်တွင်းသို့ ဥပဒေမဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်းနှင့် ဖုန်းဆက်သွယ်မှုများအား ကြားဖြတ်နားထောင်/မှတ်တမ်းတင်ခြင်းများ မပြုလုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေကို NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လမှာ ပြဋ္ဌာန်းခဲ့တာမို့ ပို့စ်မှာရေးထားတာက လွဲချော်နေတဲ့ အချက်အလက်အမှားသာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ (https://cutt.ly/GgOEI0l)

အရေးပေါ် စီမံမှုဥပဒေနဲ့ပတ်သက်လို့ပြောရရင် ပြင်ဆင်လို့မရတော့တဲ့ ဥပဒေတွေအကြောင်း ဥပဒေပညာရှင်တွေ ၂၀၁၃ တုန်းက လေ့လာသုံးသပ်ထားတာကိုလည်း ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ (https://cutt.ly/egOEXqI)

ပြင်ဆင်လို့ မရတော့တဲ့ အင်္ဂလိပ်အစိုးရကပြဌာန်းခဲ့တဲ့ ဥပဒေတွေက တရားမဝင်အသင်းအဖွဲ့များဥပဒေ၊ အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀၊ မြန်မာအစိုးရ၏ လျှို့ဝှက်ဥပဒေ၊ မြို့ရွာ၊ ကျေးလက်ဥပဒေတို့ဖြစ်ပါတယ်။

ဒီမိုကရေစီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေက အရေးပေါ်စီမံမှုဥပဒေဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်မှာပြဋ္ဌာန်းခဲ့တဲ့ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်အက်ဥပဒေများအပြင် တပ်မတော်အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် အသင်းအပင်းဖွဲ့စည်းခြင်းဥပဒေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်သည့်ဥပဒေ၊ ကွန်ပျူတာနည်းပညာဖွံ့ဖြိုးရေးဥပဒေနှင့် ကြိုးမဲ့ကြေးနန်းအက်ဥပဒေတို့ ဖြစ်ကြောင်း ရှေ့နေများနှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ၂၀၁၃ ဇွန်လမှာ ပြောဆိုထားခဲ့ပါတယ်။

အဲဒီ ဥပဒေတွေအကြောင်း ဆွေးနွေးခဲ့ကြသူတွေထဲမှာ နာမည်ကျော်ရှေ့နေ ဦးကိုနီ (ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရ သေဆုံး) (ထိုစဉ်က ရှေ့နေများကွန်ရက်) လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီတုန်းကဆွေးနွေးရာမှာ လက်ရှိသမ္မတဖြစ်နေတဲ့၊ ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးဝင်းမြင့်က “ဥပဒေနဲ့ ပြည်သူကို ကာကွယ်မလား၊ ဖိနှိပ်မလား ဒါပဲရှိတာ။ ဒီမိုကရေစီ စနစ်မှာ ဥပဒေနဲ့ဆိုင်တဲ့ လွှတ်တော်ကအဓိက။ လွှတ်တော်က ပြည်သူတွေရဲ့အသံနဲ့ သဘောထားကို နားထောင်ဖို့လိုတယ်။ ပြည်သူကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ၊ ရည်ရွယ်ချက်အတိုင်း အဓိပ္ပာယ်ဖွင့်ပြီး တရားမျှတစွာ စီရင်နိုင်ဖို့၊ မှန်ကန်စွာအုပ်ချုပ်နိုင်ဖို့ ဒီလိုအခြေအနေတွေ ဖန်တီးပေါ်ပေါက်လာနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပန်းရမှာပေါ့” လို့ ပြောဆိုထားတာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် “သက်ဆိုင်ရာရဲတပ်ဖွဲ့သည် ဆေးကုသမှုခံယူရန်ပျက်ကွက်သူကို စိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ် ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန် တရားရုံးသို့ လျှောက်ထားရမည်ဖြစ်ပြီး တရားရုံးက ပျက်ကွက်သူကို ဆေးကုသမှုခံယူနိုင်ရန် သတ်မှတ်ချက်နှင့်အညီ ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်သည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

ဆေးသုံးစွဲသူအနေဖြင့် ခံဝန်ချုပ်ချုပ်ဆိုခြင်း မပြုလျှင်ဖြစ်စေ၊ ခံဝန်ချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ သက်ဆိုင်ရာပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ခြောက်လပို့အပ်သည့် အမိန့်ချမှတ်ရမည်ဟု အချက်များကို ဖြည့်စွက်ပြဋ္ဌာန်းထားသည်” လို့ တရားဝင်မီဒီယာမှာ ခိုင်မာတိကျစွာဖော်ပြထားတာ ရှိနေခဲ့ပါတယ်။ (https://cutt.ly/ugORtGO)

တကယ်တော့ ဒီပို့စ်ဟာ ခုမှ အသစ်စက်စက်တက်လာတဲ့ ပို့စ်တော့ မဟုတ်ပါဘူး။ ဒါ တကျော့ပြန် ထပ် ပျံ့နှံ့လာတဲ့ လှုံ့ဆော် ပုတ်ခတ် ရေးသားချက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း NLD အစိုးရလက်ထက် ဖျက်ဆီးခဲ့သော နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသောဥပဒေများ ဟူသည့် စာများပါသော စာရွက်များနှင့် ကာတွန်းရုပ်ပုံစာရွက်များ မန္တလေးမြို့ဘူတာကြီးဝင်းအတွင်း ဖြန့်ကြဲမှုဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ကို Eleven Media က ၂၀၂၀ စက်တင်ဘာ ၉ ရက်မှာ စုံစမ်းရေးသားဖော်ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။ (https://cutt.ly/NgOWTGB)

ဒါကြောင့် အမှားအမှန်ဖော်ပြချက် ရောထွေး လုံးလားထွေးလားတင်ပြထားမှုသက်သက်သာဖြစ်ကြောင်း ကောက်ချက်အပိုင်ချနိုင်တဲ့ ပို့စ်ပဲ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ လူမှုကွန်ရက်ပေါ်မှာ သတင်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖော်ပြလာတာတွေရှိနေတာမို့ Facebook သုံးစွဲသူတွေအနေနဲ့ သတင်းတွေကို တဆင့်ပြန်လည်ဝေမျှတော့မယ်ဆိုရင် သတင်းမှားလား၊ သတင်းတုလားဆိုတာကို လေ့လာဆန်းစစ်ပြီးမှသာ ဖြန့်ဝေကြဖို့ အကြုံပြုလိုက်ရပါတယ်။

အခြားသောပို့စ်တွေမှာလည်း အချက်အလက်အမှန်နဲ့အမှားကို ရောထွေးဖော်ပြထားခြင်းမျိုးရှိနိုင်ကြောင်း သတိပြုနိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...