ရန်ကုန်သို့ ရောက်ရှိနေပြီး ကိုဗစ်တာဆီးကာကွယ်ရေး လုပ်ဆောင်နေသည့်အတွက် နေရပ်ပြန် မဲပေးရန် အခက်အခဲဖြစ်နေသည့် ကရင်လူငယ်များ ၎င်းတို့ရောက်ရှိနေသည့် မြို့နယ်များအတွင်းမဲပေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
“ကျွန်တော့်ရဲ့ မဲစာရင်းက မြောင်းမြမှာ အခုပြန်ဖို့ ခက်ခဲနေတယ်။ အဲ့ဒီတော့ အခု အင်းစိန်အရှေ့ကြို့ကုန်းက မဲရုံမှာ ပုံစံ ၃ လျှောက်ပြီးတော့ ဒီကကိုယ်စားလှယ်တွေကို မဲပေးရမယ်။ အခုမဲရုံမှာ မဲပေးဖို့တန်းစီနေပါတယ်” ဟု ကရင်လူငယ်တဦးဖြစ်သူ စထွဋ်ဝေအောင်က ပြောသည်။
ထို့ပြင်ဒေသအသီးသီးမှ နေရပ်မပြန်နိုင်သည့် ကရင်လူငယ် ၂၈ ဦးကို ရောက်ရှိမြို့နယ်တွင် မဲပေးနိုင်ရန် စီစဉ်ပေးထားသည်ဟု အင်းစိန်မြို့နယ်၊ နံသာကုန်းရပ်ကွက်၊ အဝေရာလမ်းတွင် ရုံးဖွင့်ထားသည့် လူငယ့်အဝန်းအဝိုင်း (Youth Circle) မှ ရုံးတာဝန်ခံ စောထွန်းထွန်းကပြောသည်။
ထို့အပြင် ပန်းတနော်မြို့နယ်တွင် မဲစာရင်းရှိပြီး ရန်ကုန်တွင်ရောက်ရှိနေသည့် ကရင်လူငယ် နန့်ဘွားခလိန်ကလည်း ကြိုတင်မဲပေးရန် ပုံစံ ၁၅ ဖြင့်လျှောက်ထားပြီး ပန်းတနော်မြို့နယ် ကိုယ်စားလှယ်များကို ကြိုတင်မဲပေးခဲ့သည်ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လက်ရှိ အခြေအနေကြောင့် နေရပ်ပြန်မဲပေးရန် အခက်အခဲရှိသူများအနေဖြင့် မိမိရောက်ရှိရာဒေသရှိမဲရုံများတွင် မဲသွားပေးရန် နိုဝင်ဘာ ၆ ရက်တွင် ကြေငြာချက်ထုတ်ပြန်တိုက်တွန်းထားသည်။