ဗန်းမောက်မြို့နယ်တွင် ကြိုတင်မဲပေးခြင်းများဆောင်ရွက်နေစဉ် မဲရုံအကူကိုယ်စားလှယ်တစ်ဦး ရှမ်းနီရိုး ရာဝတ်စုံဝတ်ဆင်လာသည်ကို တားမြစ်ခဲ့သည့် ရပ်ကျေးကော်မရှင်၏လုပ်ရပ်အပေါ် ဗန်းမောက်မြို့နယ် ကော်မရှင်က ပြန်လည်တောင်းပန်ခဲ့ကြောင်း ရှမ်းနီလူငယ်ကွန်ယက် (ဗန်းမောက်) မှ ကိုထွန်းမြင့်ကပြောသည်။
အဆိုပါတားမြစ်မှုသည် နိုဝင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကျွဲကော်ကုန်းကျေးရွာတွ င်အသက် ၆၀ နှင့်အထက်ကြိုတင်မဲကောက်ခံရာ၌ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ မဲရုံအကူကိုယ်စားလှယ်တစ်ဦး ရှမ်းနီရိုးရာဝတ်စုံဝတ်ဆင်လာသည်ကို ရပ်ကျေးရွေးကောက်ပွဲကော်မရှင်က အဝတ်အစားပြန်လဲခိုင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“၀တ်စုံလဲလှယ်ခဲ့ရတာနဲ့ပတ်သက်ပြီး တောင်းပန်ကြောင်းနဲ့ ရွေးကောက်ပွဲနေ့မှာ ရိုးရာ၀တ်စုံ၀တ်ဆင်နိုင် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေ ဆက်သွယ်လာပါတယ်”ဟု ကိုထွန်းမြင့်ကပြောသည်။
ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ စာအမှတ် ၄/ရကပ(၃၇၇)/ကမရ ဖြင့် အောက်တိုဘာ ၂၈ ရက်ကထုတ်ပြန်ချက်အရ မဲရုံကိုယ်စားလှယ်များနှင့် အကူကိုယ်စားလှယ်များသည် မဲရုံသိုလာရောက်ကြရာတွင် မိမိတို့နှင့်သက်ဆိုင်သည့် ပါတီ/တစ်သီးပုဂ္ဂလရင်ထိုးမှအပ ပါတီတံဆိပ်အမှတ်အသားပါသည့် သို့မဟုတ် မဲဆွယ်စည်းရုံးရာရောက်သည့် ၀တ်စားဆင်ယင်မှုနှင့် အသုံးအဆောင်များကို ၀တ်ဆင်/ယူဆောင်လာခြင်း များအားရှောင်စေရေး နှင့် အမျိုးသား၀တ်စုံ(တိုင်းရင်းသား၀တ်စုံအပါအ၀င်)ကိုသာ ၀တ်ဆင် လာရောက်ကြရန် ဖော်ပြထားကြောင်းသိရသည်။
“ရိုးရာဝတ်စုံပြန်၀တ်ခိုင်းတယ်လို့တော့ ရုံးကလှမ်းပြောတယ်ရှင့်။ သူတို့စာလဲထွက်ထားတယ်ဆိုတော့ ပြန်လဲခိုင်းပြီးမှ ကျွန်မလည်းသိတာ။ အဲအချိန်သိရင်တော့ပြောမှာပေါ့။ ရွေးကောက်ပွဲနေ့မှာလည်း ရိုးရာ၀တ် စုံနဲ့ပဲ သွားဖြစ်မှာပါ” ရိုးရာဝတ်စုံကြောင့် တားမြစ်ခံရသူ မသိတာအောင်ကပြောသည်။
အဆိုပါ ရပ်ကျေးကော်မရှင်အနေဖြင့် ရိုးရာဝတ်စုံဖြင့် မဲပေးခြင်းအားတားမြစ်ထားသည်ဟု ထင်မြင်သဖြင့် တားလိုက်ခြင်း သာဖြစ်သည်ဟု ပြန်လည်ရှင်းလင်းထားကြောင်း ဗန်းမောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။
“ကျွဲကောကုန်းမှာ ကြိုတင်မဲကောက်တုန်းက ဖြစ်တာပါ။ အဲလို၀တ်လို့မရဘူးထင်လို့ ဒီအတိုင်းပြော လိုက်မိတယ်တဲ့။ အရပ်ထဲမှာပြောသလိုပဲ ပြောလိုက်မိတာ” ဟု ၎င်းက ပြောသည်။