KSPP နှင့် USDP ပူးပေါင်းထားကြောင်းသတင်း မှန်ကန်ခြင်းမရှိဟု ဒေါက်တာမနမ်တူးဂျာငြင်းဆို

KSPP နှင့် USDP ပူးပေါင်းထားကြောင်းသတင်း မှန်ကန်ခြင်းမရှိဟု ဒေါက်တာမနမ်တူးဂျာငြင်းဆို

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မဟာမိတ်ဖွဲ့ပူးပေါင်းထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ ယင်းသတင်းများ မှန်ကန်ခြင်းမရှိဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာက ငြင်းဆိုပြောကြားခဲ့သည်။

အဆိုပါ ပါတီများမဲဆွယ်စည်းရုံးရေးကို အောက်တိုဘာ ၂၄ ရက်က ဆွမ်ပရာမြို့နယ်အတွင်းပြုလုပ်ခဲ့ရာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီများသည် ပူးပေါင်းထားကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းများသည် စွပ်စွဲမှုသက်သက်သက်သာဖြစ်ပြီး ကချင်ပြည်သူ့ပါတီအနေဖြင့် နောက်ကွယ်၌ မည်သည့်ပါတီအဖွဲ့အစည်းနှင့်မျှ  ပူးပေါင်းဖွဲ့စည်းထားခြင်းမရှိဘဲ  လွတ်လပ်စွာဖွဲ့စည်းထားသည့် ပါတီတစ်ခု ဖြစ်ကြောင်း ဒေါက်တာမနမ်တူးဂျာက ပြောသည်။

"ကျွန်တော့တို့ KSPP ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖြစ်တယ်။ ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီကို ပါတီကငွေယူတယ်ဆိုပြီး စွပ်စွဲနေတာ။ အဲတာမဟုတ်ဘူး။ အဲတာသူတို့ သက်သက်မဲ့ လိမ်ညာပြီးပြောတာ။ ကျွန်တော်တို့ပါတီက လွတ်လပ်တဲ့ပါတီ ကျွန်တော်တို့ပါတီနောက်ကွယ်မှာ ဘယ်ပါတီအဖွဲ့အစည်း၊ ဘယ်ပါတီမှ ကြိုးကိုင်တာ ကြိုးဆွဲတာမရှိဘူး။ လွတ်လွတ်လပ်လပ်ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ဒါလေး ပြည်သူလူထုကို အသိပေးတင်ပြချင်တယ်" ဟု ဒေါက်တာတူးဂျာကပြောသည်။

ယခုကဲ့သို့ ပြောဆိုစည်းရုံးခြင်းများက  ရွေးကောက်ပွဲကျင်းပခါနီးအချိ်နတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီအပေါ် ပြည်သူများအနေနဲ့  အမြင်စောင်းစေရန်လုပ်ဆောင်ခြင်း သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။

“အခုရွေးကောက်ပွဲလည်းအရမ်းကပ်နေပြီ ပြည်သူလူထုက ဒါသူတို့ပြောတာတကယ်အမှန်ပဲလား ထင်သွားမှာကို စိုးရိမ်တယ် သူတို့ပြောတာမဟုတ်မမှန်ပြောတာ ဖြစ်တယ် အဲဒါလုံးဝမမှန်ကန်ဘူး”' ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း မွန်ညီညွတ်ရေးပါတီသည်လည်းအဆိုပါသတင်းမျိုးထွက်ပေါ်ခဲ့ပြီး  ပြိုင်ဘက်နိုင်ငံရေးပါတီများ၏ မဟုတ်မမှန် ပြောဆိုတိုက်ခိုက်မှုဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ နိုင်လယီတမက ပြန်လည်တုန့်ပြန်ခဲ့သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် ကချင်ပြည်နယ်တစ်ခုလုံးတွင် မဲဆန္ဒနယ် ၇၀ ရှိသည့်အနက် ၆၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီ ယင်းပြည်နယ်တွင် KSPP အနေဖြင့်ဒေသခံပါတီဖြစ်သည့်ကချင်အမျိုး သားကွန်ဂရက်ပါတီအပါအဝင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီဟူသော တိုင်းရင်းသားပါတီ လေးခုပေါင်းစည်းထားသောပါတီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...