ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ကကတိသစ္စာခံယူပွဲကို ပြည်နယ်၏အထွဋ်အမြတ် ထားသော ကန္ဒရဝတီမြိုင့် ကျောက်တိုင်တွင် နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည်။
ကရင်နီရှေးရိုးရာအရ ကန္ဒရဝတီမြိုင့်ပန်းခြံတွင် မဟုတ်မမှန် ကတိသစ္စာပြုပါက ဒုက္ခရောက်မည်ဟု ယုံကြည်ထားသည့်အတွက် ပါတီကိုယ်စားလှယ်လောင်းများက ပြည်နယ်သူ၊ပြည်နယ်သားများ၏ ယုံကြည်မှုကို ရရှိရန် သစ္စာခံရသည့်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ကယားပါတီများကိုဝန်းရံထောက်ခံနေသည့် ပညာရေး နှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးထူးချစ်က ပြောသည်။
“ဒီနေရာကရှေးရိုးရာပေါ့နော်။ ကရင်နီစော်ဘွားအဆက်ဆက် ရဲ့ ကြိမ်စာတိုက်ခဲ့တယ်ဆိုတဲ့ နေရာဖြစ်တယ်။ ဒီနေရာကိုလာပြီးတော့ မဟုတ်မမှန် ကတိပြုလို့မရပါဘူး။ မဟုတ်မမှန်ပြည်နယ်ကိုဒုက္ခပေးမယ့်သူတွေက သူတို့ကိုယ်တိုင်ကော သူတို့မိသားစုတွေကော ဒုက္ခရောက်မယ်ဆိုတဲ့ ပြည်နယ်သူပြည်နယ်သားတွေရဲ့ ယုံကြည်မှုရှိပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ ယုံယုံကြည်ကြည်နဲ့ ဒီနေရာကိုရွေးချယ်တာဖြစ်ပါတယ်။ အဓိကတော့ လူကြီးတွေပေါ့ ခုနကသူတို့မိန့်ကြားထားတာတွေရှိပါတယ်။ ဒီမြေကိုနင်းပြီးတော့မှ လာဆုတောင်းမယ်ဆိုရင်လည်း ကတိပေးလို့ရှိရင်အောင်မြင်မယ်။ စီပွားရေးပဲလုပ်လုပ်နိုင်ငံရေးပဲလုပ်လုပ် ကတိပေးထားတာတွေကို ဖောက်ဖျက်တယ်ဆိုလို့ရှိရင် ကျန်းမာရေးအရသော်လည်းကောင်း အများကြီးပဲ သူများတွေရေးပြီးမှတ်တမ်းမတင်ထားပေမယ့် ကျနော်တို့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက အများကြီးပဲ။ ရူးသွားတာတို့၊ သေသွားတာတို့ စီးပွားပျက်သွားတာတို့ ဒါမျိုးတွေရှိခဲ့တယ်။ ဒီမြေမှာ လာနင်းပြီးတော့ သစ္စာဆိုပြီးတော့မှ သစ္စာဖောက်တဲ့သူတွေ ဒါမျိုးတွေက ယုံယုံမယုံယုံ သိပ္ပံခေတ်ပဲမယုံဘူးဆိုရင်လည်းသူတို့သဘောပဲ။ ကျနော်တို့ကတော့ ရှေးရိုးရာကိုမပယ်တဲ့အနေနဲ့ ဒါတွေကို ကျွန်တော်တို့အနေနဲ့ အင်မတန်မှရိုးသားသောဒေသခံတွေကို ကရင်နီပြည်နယ်သူပြည်နယ်သား တွေရဲ့ယုံကြည်မှုတွေကို ရဖို့လည်း ကျနော်တို့ အဓိကဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ ဟု ဦးထူးချစ်ကပြောသည်။
လွိုင်ကော်မြို့ ကန္ဒရဝတီမြိုင့်ကျောက်တိုင်သည် ကရင်နီရိုးရာဓလေ့အရ ကြက်ရိုးထိုး၍ မြို့စတည်ခဲ့သည့် နေရာဖြစ်ပြီး မြို့ကို အုပ်ချုပ်ခဲ့သည့်မင်းများက ၎င်းကျောက်တိုင်တွင်လာပြီး သစ္စာခံခဲ့ကြကြောင်း သမိုင်းလေ့လာသူတစ်ဦးဖြစ်သလို လက်ရှိ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်၁တွင် ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း ခူးပလုရယ်က ပြောသည်။
“ကျွန်တော်တို့ရွေးကောက်ပွဲဝင်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ နေရာရဖို့ဆိုတာထက် ရှေးရှေးက ကျွန်တာ် တို့ ဘိုးဘွားတွေတိုင်တည်တဲ့ သစ္စာ၊ ကျွန်တော်တို့ စောဖျာအဆက်ဆက်ထားခဲ့တဲ့ ကတိကဝတ်တွေအပေါ်မှာ မူတည်ပြီးမှ ကျွန်တော်တို့လည်း ဒီအတိုင်း ကျနော်တို့ပြည်နယ်အတွက် ကျွန်တော်တို့ဒေသအတွက် ဒီမာမှီ တင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် တကယ်ပဲဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန်နဲ့ စီမံအုပ်ချုပ်ဖို့ ပြည်သူတွေကို ကိုယ်စားပြုဖို့ လုပ်ပါမယ်ဆိုပြီးတော့ပြီးတော့မှာ ဒီမှာလာပြီးတော့မှ ကတိသစ္စာလာပြုရခြင်းဖြစ်ပါတယ်” ဟု ခူးပလုရယ်က ဆိုသည်။
ယင်းသို့ ကိုယ်စားလှယ်လောင်းများ သစ္စာခံသည့်ရွတ်ဆိုခြင်းမတိုင်မီ ရိုးရာဓလေ့အရ ကြက်ရိုးထိုး ပူဇော်ပသမှုများပြုလုပ်ခဲ့ပြီး ကျောက်တိုင်တည်ရှိသည့်နေရာသည် ကရင်နီသမိုင်းအရ စော်ဘွားများ သစ္စာခံထားသည့်နယ်မြေဖြစ်သဖြင့် ၎င်းနယ်မြေအတွင်းတွင် လူနေအိမ်များ ဆောက်လုပ်ပြီး နေထိုင် ခွင့်မရှိကြောင်းသိရသည်။