ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး တိုင်းရင်းသားပါတီများ အမှန်တကယ်လုပ်ဆောင်နိုင်မည်လား

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး တိုင်းရင်းသားပါတီများ အမှန်တကယ်လုပ်ဆောင်နိုင်မည်လား

မြစ်ဆုံစီမံကိန်းကြောင့် နေထိုင်စားသောက်မှုဘဝတွေ များပျက်ဆီးခဲ့ရသူများစွာရှိသည်။ ၎င်းတို့သည်မူလ နေရပ်တွင် မနေနိုင်ပဲ ပြောင်းရွှေ့နေရာ ချထားသည့် နေရာတွင် နေရသည်။ မိသားစုစားဝတ်နေရေးအတွက် နေရာသစ်တွင် လုပ်ကိုင် စားစရာမရှိ။

 

ထိုသို့ ဒုက္ခရောက်ရသူများထဲတွင်  ဒေါ်လုရာလည်းအပါအဝင်ဖြစ်သည်။ သူမသည် ကချင်ပြည်နယ် မြစ်ဆုံတွင် နေထိုင်ခဲ့သော ဒေသခံပြည်သူ တစ်ယောက်ဖြစ်သည်။

 

သမ္မတ ဦးသိန်းစိန်လက်ထက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်းကြေညာတော့ ပျော်ခဲ့ရသည်။ မူလ နေရာ ပြန်နိုင်တော့မည်ဟူသောမျှော်လင့်ချက်ကြောင့်ဖြစ်သည်။ မူလနေရာတွင် အလုပ်လုပ်နိုင်တော့မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း ဒေါ်လုရာ၏ မျှော်လင့်ချက်များ အကောင်အထည်ပေါ်မလာခဲ့။

 

မျှော်လင့်ချက်များ အသစ်တဖန် ရှင်သန်စေသည်က ယခင် ရွေးကောက်ပွဲ မတိုင်မီက ဖြစ်သည်။ ထိုစဉ်က အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲမတိုင်မီတွင် ကတိတွေ ပေးခဲ့သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကချင်ပြည်နယ်သို့လာရောကစဉ် မြစ်ဆုံနှင့် ပတ်သက်၍ ကတိတွေပေးခဲ့သည်။

 

“၂၀၁၅ ရွေးကောက်ပွဲတုန်းက အမေစုကိုယ်တိုင် ကချင်ပြည်နယ်ရဲ့ဒေသဖွံ့ဖြိုးရေးအတွက် အရမ်းပြောတယ်။ ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြီးရင် မြစ်ဆုံနဲ့ပတ်သက်ပြီး အဓိကပြောသွားတဲ့အတွက် အရမ်းအားကိုးပြီး မဲထည့်လိုက်တာဖြစ်တယ်” ဟု ဒေါ်လုရာက ယခင်က မဲထည့်ခဲ့ပုံကို ပြန်လည်ပြောပြသည်။

 

သို့သော်လည်း ဒေါ်လုရာရဲ့ မျှော်လင့်ချက်များသည် ငါးနှစ်ကြာလာသည့်တိုင် ဖြစ်မလာသေးသဖြင့် ယခုအစိုးရအပေါ် အားမလိုအားမရဖြစ်နေပြီး ၎င်းတို့၏ လူနေမှုဘဝကို အရင်အတိုင်း ပြန်လုပ်ပေးနိုင်မည် လားဆိုသည်ကို သံယလည်းဝင်လာခဲ့သည်။

 

“ဒါပေမယ့် ဒီနေ့ထိ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး အစိုးရကနေ ဘာမှမပြောလာဘူး အရမ်းယုံကြည်ထားရတဲ့သူက အစိုးရမဖြစ်ခင်တစ်မျိုး အစိုးရဖြစ်ပြီးတစ်မျိုးဖြစ်သွားပါလားဆိုတဲ့ သံသယဝင်တဲ့စိတ်တွေရှိသွားတယ်။ ဒီနှစ်ကတော့ ကိုယ့်ပြည်နယ်အတွက် အမှန်တစ်ကယ်အလုပ်လုပ်မယ့် ပါတီကိုဘဲ ပေးတော့မယ်” ဟု ကချင်ပြည်နယ် မြစ်ဆုံဒေသခံတစ်ဦးဖြစ်သည့် ဒေါ်လုရာက ပြောသည်။

 

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကချင်ပြည်နယ် မဲဆွယ်ခရီးစဉ်တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ကတိပေးခဲ့သည်။ အစိုးရဖြစ်လာပါကမြစ်ဆုံစီမံကိန်းအား လူထုထံချပြရန်နှင့် ငြိမ်းချမ်းရေးဖော် ဆောင်ရန် အစရှိသည့် ရွေးကောက်ပွဲ ကတိကဝတ်များပေးခဲ့သည်။

 

ထို့ကြောင့် ကချင်ပြည်နယ်တွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် NLD ပါတီကို ယုံပြီး အလုံးစုံမဲပေးခဲ့ကြသည်။သို့သော် NLD ပါတီအနေဖြင့် အစိုးရဖြစ်လာချိန်တွင် လူထုအနေဖြင့် ပါတီ၏ သွားနေ သည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် ယုံကြည်မူတွေလျော့နည်းလာသည်။ တိုင်းရင်းသားများ၏ ယုံကြည်စိတ် ချမူ လျော့လာခြင်းသည် အစိုးရအတွက်နောက်တစ်ကြိမ်ထပ်ပြီး အနိုင်ရဖို့သော်လည်းကောင်း အစိုးရဖွဲ့နိုင်သည် အထိ အနိုင်ရဖို့သော်လည်းကောင်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်သည်။

 

NLD အစိုးရ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလမှာ NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ၂၀၁၅ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးအား အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေးဆိုသည့် အချက်သည်လည်း ရွေးကောက်ပွဲကတိကဝတ်အဖြစ် မဲဆွယ်ခဲ့ သည်။

 

သို့သော် NLD အစိုးရသက်တမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုက အရေးကြီးတဲ့ပုဒ်မများကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရန် အခက်တွေ့နေဆဲဖြစ်သည်။

 

“ ဒီဖြစ်စဉ်ကဘယ်လောက်ထိ သွားနေပြီလဲ။ NCA စာချုပ်မှာဘာတွေပါလဲ ပထမ ၂၁ရာစုပင်လုံညီလာခံမှာ ဘယ်လိုသဘောတူညီချက်တွေရပြီလဲဆိုတဲ့ အကြောင်းအရာတွေက လွှတ်တော်ပြင်ပမှာသွားနေတဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လောက်ထိ ထိရောက်လဲ မထိရောက်လဲဆိုတာကို လှမ်းပြီးတော့ ဆက်စပ်ကြည့်လို့ရတယ်။ ပင်လုံညီလာခံမှာ စတုတ္ထအကြိမ်မြောက်က အချက်ပေါင်း  ၅ဝကျော်ထွက်လာတာတွေ့ရတယ်။ ဒီ ၅ဝကျော်မှာ ဒီနေရာမှာ တွေ့ရတာဘာလဲဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားရန် ဆိုတဲ့အချက်တွေ မူဝါဒတွေပါတယ်။ ဒါပေမယ့် ဒီအစိုးရသက်တမ်းမှာ ၂ခုမှာ ဒီမူတွေကိုလက်တွေ့ အကောင်အထည်ဖော်လို့ရလားဆိုတော့ မပါဘူး။ ဒီပင်လုံညီလာခံ အချက် ၅ဝကျော်မှာ တစ်ချက်မှအကောင်ထည်ဖော်နိုင်တာမပါသေးဘူး။ နိုင်ငံအတွက် အနှစ်သာရနည်းတဲ့ သက်ကြီးရွယ်အို၊ မသန်စွမ်းကိစ္စတွေဘဲ ပြင်နိုင်တယ်” လို့ နိုင်ငံရေးလေ့လာသူက  ဦးလဆန်အောင် ပြောတယ်။

 

သက်ကြီးရွယ်အို ဥပဒေရေးဆွဲချိန်တွင် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ ဘိုးဘွားရိပ်သာပင်မရှိ သေးပေ။ သက်ကြီးရွယ်အို ဥပဒေရေးဆွဲချိန်တွင် ဘိုးဘွားရိပ်သာစတင်ဆောက်လုပ်နေသည့်အချိန်ဖြစ်သည်။

 

NLD အစိုးရ၏ လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အားချုပ်ရမည်ဆိုပါက လွှတ်တော်ပြင် ပင်လုံညီလာခံ UPDJC အစည်းအဝေး၊ NCA စာချုပ်တို့မှ တိုင်းရင်းသားများလိုချင်သည့် ဖက်ဒရယ်နိုင်ငံ နိုင်ငံငြိမ်းချမ်းရေးကို ရရှိရန် ကြိုးစားနေပြီး နောက်တစ်နည်းသည် လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံ နောက်ဆုံးဆွေးနွေးပွဲမှာဆိုရင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ခေါင်းစဉ်ဖြင့် ဖက်ဒရယ်တွင် အခြေခံအကျဆုံးဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ခေါင်းစဉ်ဖြင့်ကြိုးစားခဲ့ သော်လည်း သဘောတူညီချက်မရနိုင်သေးပေ။

 

ထို့ကြောင့် NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကောင်းမွန်စွာ အကောင်အထည် မဖော်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရဖြစ်လာတဲ့ချိန်တွင် ပါတီ၏အကောင်အထည်ဖော်နေသည့် မူဝါဒ လမ်းကြောင်းများတွင် ပါတီမူဝါဒများ အကောင်ထည်ဖော်ရာများ၌ နိုင်ငံရေးပါတီအချင်းချင်းပူး ပေါင်းဆောင်ရွက် သင့်သော ကိစ္စရပ်များ အများအပြားရှိသော်လည်း တိုင်းရင်းသားပါတီများအား ဦးစားပေးပြီး လက်တွဲခေါ်ဆောင် တာမျိုးမရှိသည့်အပြင်  တပ်မတော်နဲ့သာ အမျိုးသားရင်ကြားစေ့ရေးအား အလေးပေးဆောင် ရွက်နေတာတွေ့ ရသည်။ ဒီအခြေနေဟာ အောင်မြင်တာမရှိသလို ဒါဟာလည်း တိုင်းရင်းသားပါတီများအနေဖြင့် NLD အပေါ်တွင် စိတ်ပျက်စရာအကြောင်းအရင်းဖြစ်လာသည်ဟု ဆိုသည်။

 

“NLD အစိုးရတက်လာတဲ့ချိန်မှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တဲ့အချက် တွေမတွေ့ရဘူး။  ပြီးတော့ NLD အစိုးရရဲ့ ပေါ်လစီမူဝါဒမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး တပ်မတော်ကို ဦးစားပေးပြီးလုပ်ဆောင်မူပေါ်တယ်။ ဒီနေရာမှာ တိုင်းရင်းသားပါတီတွေနဲ့ချိတ်ဆက်လုပ်ဆောင်မူ အားနည်းတဲ့ အတွက် တိုင်းရင်းသားတွေအခြေအနေ နားလည်တဲ့အနေထား လုပ်ဆောင်ပေးနိုင်တဲ့အနေထား ရမ်းကွာသွား တယ်။ ပေါ်လစီမှာ ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေရဲ့အခွင့်ရေးကို တိုးတက်မြင့်မားအောင်လုပ်ဆောင်ရမယ်။ ဖက်ဒရယ်တည်ဆောက်ရေးကို ဦးစားပေးရမယ့်အစား စီးပွားရေးကို ဦးစားပေးနေတာတွေ့ရတယ်။ သူတို့ခံယူချက်မှာ ဖွံ့ဖြိုးရေးတိုးတက်လာလို့ရှိရင် တိုင်းရင်းသားတွေလိုချင်နေတဲ့ နိုင်ငံရေးတို့ဆိုတာ သိပ်အရေးမကြီးပါဘူး။လူတွေအကုန်လုံးက ကျေနပ်သွားလိမ့်မယ်ဆိုတဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးရူထောင့်မှာ စိီးပွားရေးကို သွားမှီကိုးနေတာတွေ့ရတယ်။ “လို့ နိုင်ငံရေးသုံးသပ်သူ ဦးလဆန်အောင်က ပြောသည်။

 

ယင်းအကြောင်းအရာများသည် NLD အစိုးရ၏ ငါးနှစ်တာကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအား အတိုင်းတာတစ်ခုထိ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားအဖွဲ့စည်းများကို လူမှန်နေရာမှန် အသုံးချတတ်မူမရှိသည့်အတွက် ပူးပေါင်းဆောင်ရွက်မူအားနည်းကြောင်း နိုင်ငံရေးသုံး သပ်သူ များက ပြောသည်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကောင်အထည်မဖော်နိုင်ခဲ့သည့် ငြိမ်းချမ်းရေးကို တိုင်းရင်းသားပါတီတွေက ကိုယ်တိုင် အကောင်အထည်ဖော်ရတော့မည်ဟု နားလည်လာကြသည်။

 

“တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပိုမြင့်လာရင် NLD အစိုးရ အောင်မြင်အောင် မလုပ်နိုင်တဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ုတိုင်းရင်းသားပါတီက အောင်မြင်အောင်လုပ်နိုင်တယ်”ဟုကချင်ပြည်နယ်ပြည်သူ့ပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးနော်ခုန့်ကပြောသည်။

 

တိုင်းရင်းသားပါတီသည် အားကောင်းလာပါက လွှတ်တော်တွင်းကဖြစ်စေ၊ လွှတ်တော်ပြင်ပကဖြစ်စေ တိုင်းရင်းသားဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက် ကိုင်များ၏ သဘောသဘာဝ ပိုမိုနားလည်သဖြင့်  ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးများ ထိထိရောက်ရောက် အောင်အောင်မြင် မြင် လုပ်ဆောင်နိုင်မည်ဟု  ၎င်းပါတီများက ယုံကြည်လျက်ရှိသည်။

 

အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်တွင် NLD အစိုးရ၏ ငါးနှစ်သက်တမ်းတွင်း တပ်မတော်အပြင် နိုင်ငံရေးပါတီများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမရှိသည့်အတွက် NLD ပါတီရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုဥက္ကဌ ဒေါက်တာတင်မျိုးဝင်းအနေနှင့်လည်း တိုင်းရင်းသားခေါင်းဆောင်များနဲ့ တွေ့ဆုံချိန်တွင် စိတ်ဝင်စားမှု နည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ချိတ်ဆက်မူအားနည်းကြောင်း နိုင်ငံရေးသုံးသပ် သူများက ပြောသည်။

 

“လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းရမယ့်အစား မဟာမိတ်တောင်မဖွဲ့ဘူးဆိုတဲ့ အနေထားမှာ တိုင်းရင်းသားတွဘက်က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမယ့်အကြောင်းအရာကို ပိုပြီးတွန်းအားဖြစ်စေတယ်။အဲကြောင့် တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့တိုင်းရင်းသားပါတီကဘဲ ဆောင်ရွက်နိုင်မယ်။” LNUDP မှ ဥက္ကဌ ဦးဒေါင်ခမ်းကပြောသည်။

 

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံသားများ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများအား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အတွင်းသို့ ပါဝင်ခွင့်ရှိသည့် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်တည်ကာ သုံးကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်ကာ ရွေးကောက်ပွဲဟူသည် အသွင်ကူးပြောင်းမူများရှိသည့် နိုင်ငံများ၏ ဒီမိုကရေစီလုပ်ငန်းစဉ်၌ မရှိမဖြစ် အရေးကြီးသော အဆင့်တစ်ခုဖြစ်သည်။

 

ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၈ ပါတီရှိသည့်အနက် တိုင်းရင်းသားပါတီသည် ငါး ပါတီပါဝင်နေသည်။

 

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကြေညာစာတမ်းများကို အများပြည်သူသိရှိနိုင်အောင်လည်း ထုတ်ပြန်ကြေညာသည်နည်းတူ တိုင်းရင်းသားပါတီများသည်လည်း ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ရွေးကောက်ပွဲကတိကဝတ်များကို ကြေညာလျက်ရှိသည်။

 

ရွေးကောက်ပွဲကြေညာစာတမ်း၊ရွေးကောက်ပွဲ ကတိကဝတ်သည် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးသည့်ချိန်တွင် လုပ်ဆောင်ပေးမည့်အရာများအား ကြိုတင်ကြေညာရခြင်းဖြစ်ကာ အသဲကြားကမဲ တစ်ပြားအား နိုင်ငံရေး ကတိကဝတ်များပြုကာ တောင်းခံကြခြင်းဖြစ်သည်။

 

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ၏ကတိကဝတ်များသည် အများအားဖြင့် တူညီနေပြီး ဦပမာအားဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ရရှိရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရန်ဆိုသည့် ကတိကဝတ်များသည် အများဆုံးတူညီနေသည်ကို တွေ့ရသည်။

 

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အား ခွဲခြမ်းကြည့်မယ်ဆိုပါက အကြောင်းအရာ နှစ် ခုပါဝင်နေကြောင်းတွေ့ရသည်။ တိုင်းရင်းသားအရေးသည် တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်ဘဲ သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံး အတွက် ဦးတည်ဆောင်ရွက်ဖို့နှင့် လွတ်လပ်ခြင်း၊တူညီသော အခွင့်ရေးများနှင့် ကိုယ့်ကံကြမ္မာ ဖန်တီးခွင့်မှ ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးဖြစ် စတဲ့အချက်တွေကိုရှိကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

 

သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲနှစ်ဆက်ဖြတ်သန်းလာခဲ့သော်လည်း တိုင်းရင်းသားပါတီများ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ငြိမ်းချမ်းရေးရရှိရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်ခွင့်အုပ်ချုပ်ခွင့်များ ယနေ့ချိန်ထိ မရရှိသေးပေ။

 

“NLD အစိုးရလက်ထက် မလုပ်နိုင်ဘူးဆိုတဲ့ဟာတွေကို လာမယ့် အစိုးရသစ်မှာ ကျွနတော် တို့ဆောင်ရွက်နိုင်မယ်လို့ ယုံတယ်။ငြိမ်းချမ်းရေးဆိုလည်း ၂၀၀၈ နဲ့က သီးသန့်ကန့်သတ်ချက်တွေမရှိဘူးလေ။ ငြိမ်းချမ်းရေးကလည်း အဆင်ပြေနိုင်တယ်။နောက်တစ်ခု ဖက်ဒရယ်ကိစ္စ ပြည်ထောင်စုသဘောတူစာချုပ် သဘောတူပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံတော်ကို  ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရန် သဘောတူသည်ဆိုတဲ့ ပြည်ထောင်စု သဘောသူစာချုပ် ရှိပြီးသားဖြစ်တဲ့တွက် ဒါလေးကို ဆက်လက် ဆောင်ရွက်သွားရင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးရွှေမင်းကပြောသည်

 

အချုပ်အားဖြင့် ဆိုရလျှင် မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် ဖော်ဆောင်နိုင်ခြင်းမရှိခဲ့သည့် ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး ပြည်ထောင်စုကြီးတွင် တိုင်းရင်းသားပါတီ များအနေဖြင့် အမှန်တကယ်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်နေကြပြီး ၎င်းတာဝန်များကို တိုင်းရင်းသားများ ပုခုံး ပြောင်းထမ်းဆောင်နိုင်မည်လားဆိုသည်မှာ လာမည့်ရက်ပိုင်းအတွင်းကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် စောင့်ကြည့်ရမည်ဖြစ်ပါတော့သည်။

Most read this week

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...