စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား တိုင်တန်းမှုဖြစ်ပွား

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား တိုင်တန်းမှုဖြစ်ပွား

ရွေးကောက်ပွဲကျင်းပရန်ရက်ပိုင်းသာလိုတော့သည့်အချိန် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိူးတိုင်းရင်းသားရေး ရာ ဝန်ကြီးနေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးအကြား တိုင်တန်းမှု ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၄ ရက်က ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖြေရှင်းညှိနှိုင်းပေးခဲ့ရကြောင်းဟု သိရသည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီ၏ ချင်းလူမျိူးတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ဦးဆန်ထောင်းထန်က မဲဆွယ်စည်းရုံးရေးဆင်းသည့်အချိန်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးလာထန်ကြွမ်းသည် အသက် ၃၅ နှစ်မပြည့်သေးသည့်အတွက် ချင်းရေးရာဝန်ကြီးမဖြစ်နိုင်ကြောင်း လူထုအနေဖြင့် မဲပေးလျင်လည်း အရာရောက်မည်မဟုတ်ကြောင်း ပြောဆိုမှုများရှိသည့်အတွက် ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ ဦးလားထန်ကြွမ်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးလားထန်ကြွမ်းက “ဘာကြောင့် တိုင်ကြားတာလည်းဆိုတော့ ကျွန်တော့်ရဲ့ အသက်ကိစ္စနဲ့ပတ်သက်ပြီးတော့ အပြင်မှာ အရမ်းပြန့်နေတယ်။ လားထန်ကြွမ်းက အသက်သုံးဆယ့်ငါးနှစ်မပြည့် လို့ ရွေးကောက်ပွဲမှာ မဲထည့်လို့ နိုင်ခဲ့ရင်လည်း မင်းတို့မဲက အလားကားဖြစ်မယ်ဆိုတဲ့သတင်းအရမ်းပြန့်နေတဲ့ အခါကျတော့ အဲဒီသတင်းကိုလိုက်လံစုံစမ်းမြေးမန်းတဲ့အခါမှာ ကိုယ်စားလှယ်လောင်းကိုယ် တိုင် (ဦးဆန်ထောင်းထန်) က အမေးအဖြေကဏ္ဍမှာ ကျွန်တော့်နာမည်ကိုခေါ်ပြီးတော့ အသက်မပြည့်ဘူးဆိုတော့ ဘယ်လိုဖြစ်မလဲပြောတဲ့အခါမှာ သူဝန်ကြီးဖြစ်မှာမဟုတ်ဘူး စသဖြင့် အဓိပ္ပာယ်နှစ်ခွ/သုံးခွမျိုးရှိတဲ့စကားနဲ့ပြောတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့စိတ်ထဲမှာ သို့လောသို့လောစိတ်မျိုးဖြစ်လာတယ်။ ကျွန်တော်တို့ကို စိစပ်ညှိုနှိုင်းပေးနိုင်တဲ့ ကော်မရှင်ဆီမှာ ပထမဆုံးအနေနဲ့ သတင်းပေးရတဲ့သဘော ကျွန်တော်တို့ကို ညှိုနှိုင်းပေးပါ ပြောလိုက်တဲ့သဘောမျိုးပါ” ဟုပြောသည်။

ဦးလားထန်ကြွမ်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိူး တိုင်းရင်းသားရေးရာဝန်ကြီးအတွက် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခုလက်ရှိတွင် အသက် ၃၄ နှစ်ရှိပြီဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး CNLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဆန်ထောင်းထန် “ကျွန်တော်က လားထန်ကြွမ်းအကြောင်းကို တစ်ခါမှမပြောဘူး။ ကျွန်တော်ဟောပြောပွဲလုပ်တဲ့အခါမှာ ကျနော်တို့အမြဲတမ်းပေါ့နော်။ ဟောပြောပွဲလုပ်ပြီးမှ အမေးအဖြေခွင့်ပေးတာ။ အဲဒီအချိန်ပေးတဲ့အချိန်မှာ တချို့တွေက အခြေခံဥပဒေမှာ ၃၅ နှစ်မပြည့်တဲ့သူက ဝန်ကြီးမရနိုင်ဘူး ဆိုတဲ့ဟာမျိုးလေးတွေရှိတဲ့အတွက်ကြောင့် ဘယ်လိုလဲ ချင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းမှာ အသက် (၃၅) နှစ်မပြည့်တဲ့သူ နှစ်ယောက်ရှိတဲ့အတွက်ကြောင့်မို့ အဲဒါဘယ်လိုဖြစ်မလဲ။ သူတို့က တကယ်လို့ရွေးခံတယ်ဆိုရင် အနိုင်ရခဲ့ရင် ရေးရာဝန်ကြီးရနိုင်မလား ဆိုတဲ့ဟာကို တစ်ချို့တွေက လာမေးလို့လေ။ အဲလိုမေးတဲ့အချိန်မှာ ကျွန်တော်က အခြေခံဥပဒေအရပေါ့နော် အဲဒါလေးကို ဖော်ပြခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းတိုင်တန်းသည့်ကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းက ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဖြေရှင်းညှိနှိုင်းပေးခြင်းကြောင့် ယခုအခါ ပြေလည်မှုရသွားပြီဖြစ်ကြောင်း ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဂင်ခန့်ပေါင်ကပြောသည်။

“ကျွန်တော်တို့ကတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အခါကျေတာ့ ကာယကံရှင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကိုရ ယူတဲ့သဘောပါ။ပါတီကိုယ်စားလှယ်တွေရယ်၊ သြဇာတက္ကမရှိတဲ့ ပုဂ္ဂိုလ်များရဲ့ရှေ့မှာ သူတို့နှစ်ယောက်ရဲ့အငြင်း ပွားမှုကို ပြေလည်အောင်ညှိုနှိုင်းတဲ့သဘောမျိုးဖြစ်ပါတယ်။ အခုအနေအထားမှာတော့ တိုင်တဲ့သူကလည်းပဲ မနစ်နာအောင် ပြောပြတာပေါ့။ အတိုင်ခံရတဲ့လူကလည်းပဲ သူပြောတာတွေကို ဥပဒေနဲ့ ညီတယ်လို့ပြောတယ်။ သို့သော်လည်းပဲ ကျနော်တို့က ဘာပဲပြောပြော နှစ်ဦးနှစ်ဖက် တရားရုံး စခန်းတို့ဘာတို့မရောက်အောင် အပြောခံတဲ့လူကို ပြောတဲ့လူက နောင်မပြောပါဘူးလို့ ကတိပေးတာပေါ့နော်။ ကတိပေးတဲ့အတွက် ကျေအေးတယ်။ ပြေလည်သွားတယ်။ပြေလည်တာကို ကျနော်မှတ်တမ်းတင်ပေးလိုက်တယ်” ဟု ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကပြောသည်။

လာမည့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိူးတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်လောင်း ခြောက်ဦးနှင့် တစ်သီးပုဂ္ဂလ လေးဦး စုစုပေါင်း ၁၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းတို့မှာ ဦးလားထန်ကြွမ်း (တစ်သီးပုဂ္ဂလ)၊ ဦးတွန့်လမ်းထန် (တစ်သီးပုဂ္ဂလ)၊ ဦးဘွန်းဇနန်း (တစ်သီးပုဂ္ဂလ)၊ ဦးဘွာလ်နှောက် (တစ်သီးပုဂ္ဂလ)၊ ဦးဆန်ထောမ်ထန် (CNLD)၊ ဒေါ်လါလ်ရင်းမွန် (NLD)၊ ဦးစံရာအုပ် (တိုင်းရင်းသားစည်းလုံးညီညွတ်ေရးပါတီ)၊ ဦးထန်ဆဲယာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာဂင်ဟဲ့လျန် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးလာဘွေ့ဘိခ် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) တို့ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...