SNLD ကို မဲပေးသွားမည်ဖြစ်ကြောင်း ရှမ်းလူငယ်များထုတ်ဖော်ပြောကြား

SNLD ကို မဲပေးသွားမည်ဖြစ်ကြောင်း ရှမ်းလူငယ်များထုတ်ဖော်ပြောကြား

ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို မဲပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူငယ်များက ထုတ်ဖော်ပြောကြားခဲ့သည်။

အမျိုးသမီးနှင့် လူငယ်များ၏ ပါဝင်မှုများကို လမ်းဖွင့်ပေးထားသည့်သာမက တိုင်းရင်းသားအားလုံး၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို အခြေခံထားသည့် ပါတီ၏ မူဝါဒများကို ကြိုက်နှစ်သက်သည့်အတွက် ရွေးကောက်ပွဲတွင် SNLD ပါတီကို မဲပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဝိုင်းမော်မြို့နယ် ဟိုတုံရပ်ကွက်မှ လူငယ်ခေါင်းဆောင် စိုင်းဆိုင်ဖုက ပြောသည်။

“SNLD ရဲ့ မူဝါဒ အဲဒီမူဝါထဲမှာ အပြည့်အစုံပါတယ်။ ကျနော်တို့ ရှမ်းတစ်မျိုးတည်းကိုပဲ ခြုံပြီးမှ ရေးထားတဲ့ မူဝါဒမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးမှရေးတဲ့ မူဝါဖြစ်တယ်။ ဥပမာအနေနဲ့ပြောမယ်ဆိုရင် စုပေါင်းခေါင်းဆောင်ခြင်းဆိုတဲ့နေရာမှာ အရမ်းကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခေါင်းဆောင်တဲ့နေရာမှာ ကျနော်တို့ ရှမ်းတစ်ဦးတည်းမဟုတ်ပဲနဲ့ ဗမာတစ်ဦးမဟုတ်ပဲနဲ့ အားလုံးစုပေါင်းပြီးမှ ခေါင်းဆောင်လုပ်တဲ့အခါမှာ ကျနော်တို့ ဒီပြည်ထောင်စုလည်း တိုင်းရင်းသားအားလုံး စုပေါင်းတည်ထောင်ထားခဲ့တဲ့ နိုင်ငံတိုင်းပြည်ဖြစ်တဲ့အတွက် ကျနော်တို့ စုပေါင်းခေါင်းဆောင်ခြင်းဆိုတာ အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်တယ်။ အဲဒီ သူတို့ရဲ့ မူဝါဒကောင်းတဲ့အတွက် ကျနော်တို့ ဝိုင်းမော်မြို့နယ် လူငယ်တွေအနေနဲ့ အဲဒီပါတီ ဝိုင်းရံမယ် ထောက်ခံမယ် မဲလည်းထည့်မယ်” ဟု ၎င်းကပြောသည်။

SNLD ပါတီ၏ မူဝါဒထဲတွင် ရှမ်းလူမျိုးများ အ တွက်သာမဟုတ်ပဲ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား အားလုံး၏ အခွင့်အရေးကို အခြေခံထားသည် သာမက လူငယ်များနှင့် အ မျိုးသမီးများ၏ ပါဝင်မှုကို လမ်းဖွင့်ပေးထားသည့် ပါတီဖြစ်သောကြောင့် မဲပေးရခြင်း ဖြစ်သည်ဟု ရှမ်းအမျိုးသမီး လူငယ်တစ်ဦးဖြစ်သူ နမ်းခမ်းမွမ်းကလည်း ပြောသည်။

“တိုင်းရင်းသား မျိုးစုံကို အခြေခံထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ပါတီအခြေခံမူလည်း ကောင်းတဲ့အ ]တွက်ကြောင့် SNLD ပါတီကို မဲပေးဖို့ဖြစ်ပါတယ်။ သူက ပြောထားတယ်။ အမျိုးသမီးက ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်။ နောက်ပြီးတော့ ပါတီရဲ့ ]မူဝါဒက တိုင်ရင်းသားတစ်ခုတည်းကို အခြေခံထားတာမဟုတ်ဘူး တန်းတူအခွင့်အရေးရရမယ်။ နောက်ပြီးတော့ လူမျိုးမရွေးပေါ့ တန်းတူအခွင့်အရေး ရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်ဆိုတာကို ပြောထားတဲ့အတွက်ကြောင့် ကျနော်က အဲဒီမူဝါကို အရမ်းကြိုက်လို့ပါ” ဟု နမ်းခမ်းမွမ်းက ပြောသည်။

SNLD ပါတီ၏ မူဝါဒထဲတွင် ရွေးကောက်ခံမဟုတ်သူများ၏ အာဏာများအား ပြန်လည်ရုပ်သိမ်းရမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အစိုးရများအား ပြည်သူ့အင်အားဖြင့် ပြန်လည်ဖြိုချရမည်အပြင် အချုပ်အချာ၏ မူလရင်းမြစ်သည် ပြည်သူအများဖြစ်ကြောင်း အာမခံနိုင်ရမည်၊ နိုင်ငံ့အာဏာသည် ပြည်သူ့လက်ထဲတွင်ရှိကြောင်း သေချာစေရမည် ဟူ၍လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအား ပြန်လည်ပေးအပ်နိုင်ရေး အားထုတ်ကြိုးပမ်းခြင်း၊ ပြည်သူသို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေး၊ ရွေးကောက်ပွဲရည်မှန်းချက်အတွက်မျှသာမဟုတ်ပဲ ပြည်ထောင်စုငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်ပါ ရည်ညွှန်းဟူ၍လည်းကောင်း၊ နှစ်ပေါင်း ၇၀ ကျော်ကြာ လွဲမှားခဲ့သည့် ဆောင်ရွက်ချက်များအား အပြုသဘောချဉ်းကပ်၍ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ကြောင်းဟူ၍လည်းကောင်း ယင်းပါတီ၏ မူဝါဒထဲတွငဖော်ပြထားသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ရှမ်းလူငယ်များက SNLD ပါတီ၏ မဲဆွယ်စည်းရုံးမှုများတွင် ဝန်းရံကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် ကူညီလုပ်ဆောင်ပေးလျက်ရှိပြီး ၎င်းတို့ဝန်းရံသည့် ပါတီကိုလည်း ရွေးကောက်ပွဲတွင် အနိုင်ရစေချင်သည်ဟု ဆိုသည်။

“ကျနော်တို့ ဒီပါတီကို နိုင်စေချင်တယ်ပေါ့နော။ နိုင်စေချင်တယ်။ အဲဒီပါတီကနေ ကျနော်တို့ အမျိုးသားရေးပေါ့နော။ အမျိုးသားရေးဆိုတာ ကျနော်တို့ ရှမ်းအမျိုးသားရေးတစ်ခုတည်း မဟုတ်ဘူးပေါ့နော။ ကျနော်တို့ ဒီဝိုင်းမော်မြို့နယ်မှာရှိတဲ့ ဒီတိုင်းရင်းသားအားလုံးပေါ့နော အတူယှဉ်တွဲနေထိုင်တဲ့ ကျနော်တို့ တိုင်းရင်းသားအားလုံးကို ကျနော်တို့ တန်းတူညီမျှတာပဲ တန်းတူညီမျှဆိုတာ ကချင်ဘာပဲရ ရှမ်းလည်းရရမယ်။ ရှမ်းဘာပဲရ ကချင်ရမယ်။ အားလုံး တိုင်းရင်းသားအားလုံး တန်းတူညီမျှရှိဖို့ ဒါ ကျနော်တို့ မျှော်လင့်ပါတယ်ပေါ့နော” ဟု စိုင်းဆိုင်ဖုက ပြောသည်။

ထို့အပြင် ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး အစရှိသည်များကို ယခုထက် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးစေလိုသည်ဟု ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူငယ်များကဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်၊ မံစီမြို့နယ်များရှိ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...