ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးမြို့နယ်နှင့် တခြားမြို့နယ် လေးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စုတချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြေငြာချက်သည် ရခိုင်အမျိုးသားပါတီ ANP ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာရောက်ကြောင်း ၎င်းပါတီက နိုဝင်ဘာ ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပနိုင်မြို့နယ်များမှာ ANP ပါတီ နိုင်ခြေရှိသည့် မြို့နယ်များဖြစ်ပြီး ရွေးကောက်ပွဲ မကျင်းပခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကိုလည်း ရိုက်ချိုးရာရောက်ကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။
“မဲပေးရမယ့်အချိန်မှာ ANP နိုင်ခြေရှိတဲ့ နေရာတွေ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ရိုက်ချိုးရုံသာမက အဲဒီပါတီပါ အမတ်တွေ လွှတ်တော်ထဲရောက်မလာဖို့အတွက် ဖြိုခွင်းလိုက်ရာရောက်တယ်ဆိုတဲ့အချက်ကို ပြည်သူတွေကို သိစေချင်တယ်” ဟု ၎င်းကပြောသည်။
UEC ၏ ကြေငြာချက်သည် နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို ရိုက်ချိုးလိုက်ရုံသာမက အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေသော ရခိုင်လူမျိုးတို့၏ အမျိုးသားရေးစိတ်ဓာတ်နှင့် အင်အားတောင့်တင်းခိုင်မာလျက်ရှိသော ရခိုင်အမျိုးသားပါတီ (ANP) အား ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာရောက်သည်ဟု မှတ်ယူကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပခြင်းကြောင့် လူဦးရေ တစ်သန်းကျော် မဲပေးပိုင်ခွင့်ဆုံးရှုံးရကြောင်း ANP ပါတီကိုယ်စားပြု စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းအောင်ကျော်က ပြောသည်။
“မြို့နယ် ကိုးမြို့နယ်၊ နောက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖျက်သိမ်းခံရတဲ့ ကျေးရွာအုပ်စုတွေကို အားလုံးပေါင်းလိုက်ရင် ရခိုင်ပြည်နယ်က လူဦးရေ တစ်သန်းကျော်ဟာ မဲပေးခွင့်မရတော့ဘူး။ ဒီလိုမဲပေးခွင့်မရတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ တခြားတိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးကို ခွဲခြားဆက်ဆံရာရောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ရိုက်ချိုးခံလိုက်ရတာဖြစ်တယ်လို့ ပြောချင်တယ်” ဟု သူကပြောသည်။
အလားတူ ရခိုင်ပြည်သူများအနေဖြင့် ဘက်ပေါင်းစုံံမှ ဝိုင်းဝန်းပိတ်ဆို့ခံနေရာသော အင်အားတင့်တောင်းသည့် အမျိုးသားပါတီတစ်ရပ် အောင်ပွဲခံနိုင်ရေးအတွက် ရခိုင်အမျိုးသားပါတီအား မဖြစ်မနေ ဝိုင်းရံထောက်ခံ မဲပေးခြင်းဖြင့် မပြီးဆုံးသေးသော အမျိုးသားရေးခရီးပန်းတိုင်သို့ အတူတကွ ချီတက်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ANP ဟာ ဒီဥပဒေဘောင်ထဲက အရေးအခင်းမှာ ဒီပြည်ထောင်စုထဲမှာရှိတဲ့ အခြားလူမျိုးတွေနဲ့ပေါင်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုအခက်အခဲ၊ အနှောက်အယှက်ရှိရှိ ရှေ့ကိုဆက်ပြီးတော့ ခရီးသွားမယ်။ အဲဒီအတွက် ခိုင်မာအင်အားတောင့်တင်းတဲ့ ဒီပါတီကို အမျိုးသားရေးပန်းတိုင်ကို အရောက်သွားဖို့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းရံပြီးတော့ မဲပေးကြပါလို့ ပြောချင်တယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။
ရခိုင်ပြည်နယ်၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့်နေရာများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ကြသည်။
ထို့ပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် နှစ်ခု၊ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စုလေးအုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၂ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း UEC မှ အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ရွေးကောက်ပွဲမကျင်းဟုကြေငြာထားေသာ အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု လေးခုနှင့် ကျောက်ဖြူ မြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတို့တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် UEC မှ ပြန်လည်ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိသည့်အနက် တစ်ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။