ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အချုပ်သားများထံမှ ကြိုတင်မဲများစတင် ကောက်ယူနေပြီဖြစ်ကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးအောင်ကျော်သူကပြောသည်။
အဆိုပါမြို့နယ်တွင် အချုပ်သား ၁၀၀ကျော်ရှိပြီး ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍ စခန်းများ၊ ထောင်များကို ရက်အလိုက်သတ်မှတ်ကာကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အချုပ်သားများ ကြိုတင်မဲပေးခြင်းအစီစဉ်ကို နိုဝင်ဘာ ၁ ရက်မှစကာ ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ပထမဦးစွာမှော်ဝမ်းအချုပ်စခန်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးအောင်ကျော်သူကပြောသည်။
“မနေ့ကတော့ မှော်ဝမ်းမှာစပြီးလုပ်တယ်။ နောက်ရက် နောက်ရက်တွေမှာကျရင်တော့ သက်ဆိုင်ရာရပ်ကျေး ကော်မရှင်ရဲ့အခြေနေပေါ်မူတည်ပြီး သူတို့ယူပေးနိုင်မယ့် ရက်တွေသတ်မှတ်ထားတာရှိတယ်။မရှီကထောင်ဆိုရင် နိုဝင်ဘာ၆ရက်နေ့ယူပေးဖို့ ရက်သတ်မှတ်ထားတယ်။ အဲလိုဘဲ ရပ်ကျေးတွေက ယူပေးမှာဖြစ်တယ်”ဟု မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူကပြောသည်။
ယင်းသို့ အချုပ်သားများအား ကြိုတင်မဲကောက်ယူရာတွင် မဲဆန္ဒနယ်အပြင်နှင့် မဲဆန္ဒနယ်အတွင်းဟူ၍ ခွဲကာကောက်ယူနေခြင်းဖြစ်ပြီး မဲဆန္ဒနယ်ပြင်ပမှ အချုပ်သားများကို သက်ဆိုင်ရာရပ်ကျေးအဖွဲ့နှင့် သက်ဆိုင်ရာရဲစခန်းများချိတ်ဆက်ကာ တိုက်ရိုက်ဆောင်ရွက်ကောက်ယူခြင်းဖြစ်ကာ မဲဆန္ဒနယ်အတွင်းမှအချုပ်သားများအား ရပ်ကျေးကော်မရှင်နှင့် သက်ဆိုင်ရာရဲစခန်းများချိတ်ဆက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်မှုအပေ်မြို့နယ်ကော်မရှင်က ကြီးကြပ်ပေးနေကြောင်း ၎င်းကဆက်ပြောသည်။
ဖားကန့်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်းတစ်သိန်း ခြောက်သောင်းကျော်ရှိကြောင်း မံရုံပေါင်း ၁၀၅ ရုံရှိကြောင်း မြို့နယ်ကော်မရှင်၏ စာရင်းများအရ သိရသည်။
ကချင်ပြည်နယ်တစ်ခုလုံး မဲပေးပိုင်ခွင့်ရှိသည့် အချုပ်သားမဲဆန္ဒရှင်ဦးရေအား သိရှိနိုင်ရန် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) သို့ဆက်သွယ်မေးမြန်းရာ အချက်လက်တိတိကျကျ ကောက်ယူထားခြင်း မရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။
ဖားကန့်မြို့နယ်သည် လက်ရှိတွင်ကချင်ပြည်နယ်အတွင်း ပိုးတွေ့လူနာအများဆုံး မြို့နယ်ဖြစ်သည့်တွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေနှင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်ခဲအနည်းငယ်ရှိကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောသည်။
“ဖားကန့်မှာက ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့တွက် ကြိုတင်မဲပေးဖို့လုပ်ဆောင်တဲ့နေရာတွေမှာ နည်းနည်းခက်ခဲတော့ရှိတယ်။ ဥပမာ ကွာရန်တင်းလိုနေရာမျိုးမှာ ပိုးတွေ့ထားတဲ့လူကို မဲယူတဲ့ချိန်မျိုးမှာ PPE တွေ ဝတ်ပြီး ယူရမယ်ဆိုတော့ ပိုခက်ခဲတယ်။”လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကပြောသည်။
ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ရက်နေ့ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၁၈ပါတီရှိပြီး မဲရုံပေါင်း ၉၁၉ ရုံရှိကာမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းခန့်ရှိကြောင်း သိရသည်။