ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေမှ ပြန်လည်ပယ်ဖျက်လိုက်သည့် ရခိုင်မှ ကျေးရွာအုပ်စုများသည် တပ်မတော်အားကောင်းသောနယ်မြေများဖြစ်ပြီး ပြည်ခိုင်ဖြိုးမဲရရှိနိုင်သည့် ကျေးရွာအုပ်စုများဖြစ်နေကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ထောက်ပြပြောကြားသည်။
UEC အနေဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စု သုံးခုနှင့် အမ်းမှ ကျေးရွာအုပ်စု လေးခုတို့ကို ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများစာရင်းမှပယ်ဖျက်ကာ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထပ်မံကြေညာခဲ့သည်။
ယင်းသို့ ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် ကျေးရွာအုပ်စုများမှာ ကျောက်ဖြူမြို့နယ်မှ ဂုံးချိန်ကျေးရွာအုပ်စု၊ စစ်တောကျေးရွာအုပ်စုနှင့် အဝတောင်ကျေးရွာအုပ်စုတို့ဖြစ်ပြီးအမ်းမြို့နယ်မှ အမ်းမြောက်ကျေးရွာအုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနှင့် အမ်းတောင်ကျေးရွာအုပ်စုတို့ဖြစ်ကာ ၎င်းကျေးရွာများသည် တပ်မတော်အင်အားကောင်း၍ ချင်းတိုင်းရင်းသားများ အများဆုံးနေထိုင်သော ဒေသများဖြစ်ကြောင်း သိရသည်။
“အခုသူတို့ ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်ဆိုတဲ့ အုပ်စုတွေက တပ်နယ်မြေတွေဖြစ်နေတယ်။ ကျွန်တော်မြင်တာကတော့ တပ်နယ်မြေကိုပဲ ရွေးချယ်ပြီးတော့ ကျင်းပတယ်ဆိုတာကတော့ တပ်ရဲ့မဲက ပြည်ခိုင်ဖြိုးကိုသွားမယ်ဗျ။ ဒါပေမယ့် ရသေ့တောင်ကြားဖြတ်ရွေးကောက်မှာက တပ်ရဲ့မဲက NLD ဘက်ကို သွားခဲ့တယ်ဗျ။ အခုကျင်းပဖို့ဆိုပြီး ထပ်တိုးလိုက်တဲ့ အုပ်စုတွေက ပြည်ခိုင်ဖြိုးအတွက် လုပ်တာများလား အဲလိုတော့ သံသယရှိတယ်” ဟု ကျောက်ဖြူမြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်လွင်က ပြောသည်။
ယခုရွေးကောက်ပွဲမကျင်းပဖြစ်သည့် နယ်မြေများစာရင်းမှ ပယ်ဖျက်လိုက်သော ဒေသများကိုကြည့်ပါက NLD ပါတီအနေဖြင့် ၎င်းတို့ရှုံးလျှင် ပြည်ခိုင်ဖြိုးပါတီနိုင်ရမည်ဆိုသည့် သဘောကိုဆောင်ကြောင်း ရခိုင်အမျိုးသားပါတီမှ ကျောက်ဖြူမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ပြောသည်။
ယခုလိုတပ်ဧရိယာနှင့် ချင်းတိုင်းရင်းသားအများစုနေထိုင်သော နေရာများတွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာလိုက်ခြင်းမှာ ဒေသခံ ရခိုင်ပါတီများ အနိုင်ရရှိမည်ကို စိုးရိမ်သောကြောင့် ယခုလိုမျိုး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံလွှတ်တော်ကိုယ်စားလှယ်လောင်းများက သုံးသပ်လျက်ရှိသည်။
“ကျနော်မြင်တာကတော့ အစိုးရနဲ့ စစ်တပ်ပေါင်းသွားတယ်လို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချင်းတိုင်းရင်းသားတွေက ၂၀၁၀၊ ၂၀၁၅ တုန်းကဆိုရင် NLD ပါတီကို မဲပေးခဲ့ကြတယ်။ အခုခါမှာလည်း ချင်းတိုင်းရင်းသားတွေသည် NLD ပါတီကိုပဲ မဲပေးကြလိမ့်မယ်လို့ ထင်မြင်ယူဆချက်နဲ့ တိုင်းရင်းသားတွေ သပ်သပ်ရှိတဲ့အုပ်စုတွေကိုပဲ လုပ်ပေးတယ်လို့ ကျွန်တော်မြင်တယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု၍ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇော်မင်းကပြောသည်။
ရခိုင်ဦးဆောင်ပါတီ (AFP) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းဝင်းလတ်က “ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုရွေးကောက်ပွဲကျင်းဖို့ ထပ်တိုးလိုက်တဲ့ မြို့နယ်တွေကတော့ ကျွန်တော်တို့ ဒေသခံပါတီတွေအတွက် အခြေအနေမကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ နယ်မြေတွေဖြစ်တယ်။ ကြံခိုင်ရေးနယ်မြေတွေဖြစ်တယ်” ဟုပြောသည်။
ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန်လိုအပ်ပြီး ဒီမိုကရေစီနည်းကျလုပ်ဆောင်မည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။