ဖျက်သိမ်းခံရသည့် UDP ပါတီဝင်များ ကယားတွင် တစညပါတီသို့ဝင်ရောက်

ဖျက်သိမ်းခံရသည့် UDP ပါတီဝင်များ ကယားတွင် တစညပါတီသို့ဝင်ရောက်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ဖျက်သိမ်းခံထားရသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) မှ ပါတီအဖွဲ့ဝင် ၁၅၀၀ ခန့်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ယင်းသို့ပါတီကူးပြောင်းသည့် အခမ်းအနားကို ဘောလခဲမြို့နယ် တစညပါတီရုံးတွင် အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ဝင်ရောက်ရခြင်းသည် ပြည်သူ့အရေးအား မားမားမတ်မတ် ရပ်တည်ပေးမည့်သူများကို ဝန်းရံပူးပေါင်းရခြင်းဖြစ်ကြောင်း UDP ပါတီဖျက်သိမ်းခံရပြီးနောက် ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခံရကာ တစညပါတီသို့ဝင်ရောက်ခဲ့သူ ဦးကိုကိုဦးကပြောသည်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကတည်းက ပေါ်နေတာလေ။ ပုံရိပ်ကလည်း ပါတီအင်အားနည်းတော့ မတက်လာတာလည်းပါတယ်။ ကျွန်တော်အနေနဲ့ ၂၀၁၄ တုန်းကတော့ ပါတီအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဖြစ်ခဲ့ဖူးတဲ့အတွက်ကြောင့် ၂၀၁၅ မှာလည်း တစညကိုပဲ မဲပေးခဲ့ပါတယ်” လို့ ဦးကိုကိုကပြောသည်။

ယခလို ဝင်ရောက်မှုများရှိလာသည့်အတွက် ရွေးကောက်ပွဲတွင်အနိုင်ရရန် မျှော်လင့်ထားကြောင်း တစညပါတီ ပြည်နယ်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရဲရင့်စိုးညွန့်က ပြောသည်။

“အဓိကကတော့ ကျွန်တော်တို့က ရည်ရွယ်ချက်ချင်းတူလို့ပါ။ ပြည်သူ့အကျိုးပြုမယ့် ရည်ရွယ်ချက်ချင်းတူကြပါတယ်။ ကျန်တဲ့နိုင်ငံရေးပါတီလည်း အကုန်တူကြပါတယ်။ စိတ်တူကိုယ်တူပေါ့နော်။ အထူးသဖြင့် အားရတာကတော့ ပူးပေါင်းတဲ့အထဲမှာ ကျွန်တော့်လိုပဲ ဘဝတူပေါ့။၂၀၂၀မှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ပြည်နယ်လွှတ်တော်ရဲ့ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် အားပေးထောက်ခံမှု၊ ကူညီဆောင်ရွက်မှုကိုရတဲ့အတွက် အတိုင်း်မသိဝမ်းမြောက်မိပါတယ်” ဟု ၎င်းကပြောသည်။

ဘောလခဲမြို့နယ်တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ကြမည်ဖြစ်သည်။

ဘောလခဲမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)တွင် ဆန္ဒမဲပေးနိုင်သည့် လူဦးရေ ၄,၄၃၅ ဦး၊ မဲဆန္ဒနယ်အမှတ်၂ တွင် ၃,၆၇၂ ဦး၊ တပ်မတော်မဲဆန္ဒရှင်ဦးရေ ၁,၂၃၆ ဦးရှိပြီး ကယားတစ်ပြည်နယ်လုံး ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၅,၃၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...