အခြားဒေသမှ ကချင်ပြည်နယ်သို့ရောက်ရှိလာပြီး ကွာရမ်တင်းဝင်နေသူများ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာ မြို့နယ်ကော်မရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ပြောသည်။
ကိုဗစ်ကာလတွင် အခြားဒေသမှ ကချင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာပြီး Quarantine ဝင်နေရတဲ့သများအတွက် မဲပေးခွင့်မဆုံးရှုံးရစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကွာရမ်တင်းနေတဲ့သူတွေက ရွေးကောက်ပွဲနေ့မှာ နေရပ်ကို မပြန်နိုင်တဲ့သူ မပြန်နိုင်ပဲနဲ့ ရွေးကောက်ပွဲနေ့မှာဒီမှာ ပဲရှိနေမယ်ဆိုရင်သူတို့ကိုရှိတဲ့နေရာမှာ ကြိုတင်မဲပေးနိုင်အောင် မြို့နယ်ကော်မရှင်နဲ့ပေါင်းစပ်ပြီး လုပ်နေတယ်” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့လဲ မိမိတို့ရောက်ရှိနေရာ မြို့နယ်ကော်မရှင်ထံ ဆက်သွယ်ကာ ပုံ(၁၅) ကို ရယူလျှောက်ထားနိုင်မည်ဖြစ်ပြီး အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါသည်။
ယခုအခါ အသက် ၆၀ နှင့်အထက်ကို ကြိုတင်မဲပေးခြင်းများဆောင်ရွက်ပြီး မဲပေးခွင့်ရရှိသူ ကချင်ပြည်နယ်အတွင်း တစ်သိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။
“အသက် (၆၀) နှစ်နဲ့အထက်က ကိုဗစ်ရဲ့သုတေသနပြုချက်တွေအရ ရောဂါပိုးကူးစက်တာ ခံရဖို့လွယ်တယ်လို့ပြောတယ်။ အဲ့တော့အသက် ၆၀ နှစ်နဲ့အထက်တို့ မဲဆန္ဒရှင်တွေက နိုဝင်ဘာ ၂၉ ရက်ကနေစပြီးတော့မှ နိုဝင်ဘာ ၅ ရက်အထိ ရပ်/ကျေးကော်မရှင်ရုံးတွေမှာ သွားပေးလို့ရတယ်။ ဒီကာလထဲမှာ အဲ့လိုသွားပေးတဲ့အခါ ဘာဖြစ်မလဲဆိုတော့ ရွေးကောက်ပွဲနေ့မှာ လူထူထူထဲမှာ မဲပေးစရာမလိုတော့ဘူး။ သတ်မှတ်ပေးထားတဲ့ ကြိုတင်မဲပေးခွင့်ရှိတဲ့ရက်မှာ ပေးလိုက်ရတဲ့အခါကျတော့ သူတို့အတွက်လုံခြုံတာပေါ့” ဟု ဦးထွန်းအောင်ခိုင်က ဆက်လက်ပြောသည်။
မဲဆန္ဒရှင်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်အတွင်း၌ပင် ကြိုတင်မဲပေးမည်ဆိုပါက ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်ခင် နှစ်ရက်အလို၌ မဲပေးနိုင်ကြောင်း သိရသည်။