Stay at home သတ်မှတ်ထားသည့်မြို့နယ်တွင် မဲဆွယ်သည့် NLD ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စုအဆင့်ထိ တိုင်ကြားမည်ဟု USDP ကိုယ်စားလှယ်လောင်းပြော

Stay at home သတ်မှတ်ထားသည့်မြို့နယ်တွင် မဲဆွယ်သည့် NLD ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စုအဆင့်ထိ တိုင်ကြားမည်ဟု USDP ကိုယ်စားလှယ်လောင်းပြော
by -
ခေါင်ညွယ် (KNG)

Stay at home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် မဲဆွယ်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဦးတင့်စိုးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အထိ တိုင်ကြားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်းဂမ်က ပြောသည်။

အဆိုပါ မြို့နယ်တွင် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦတင့်စိုးသည် အောက်တိုဘာ ၂၀ ရက်မှစ၍ မဲဆွယ်ခြင်းပြုလုပ်ခဲ့ကြောင်း ဦးအင်ဖရောင်ဂမ်က ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်ရှင်သို့ ပထမဆုံးတိုင်ကြားမှုပြုလုပ်ခဲ့ပြီး အဆိုပါတိုင်ကြားမှုအား အောက်တိုဘာ ၂၉ ရက်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဖြေရှင်းပေးခဲ့သော်လည်း ကျေနပ်မူမရှိသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်းဂမ်က ပြောသည်။

“မဲမဆွယ်ရဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ကြားမှာ သူတို့မဲဆွယ်တယ်။ ရပ်ကျေး နမ့်စီးအောင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ပါဝင်တယ်။ ခေါင်းစဉ် သုံးခုနဲ့ငြိတယ်။ နံပါတ် ၁ ကိုဗစ်၊ နံပါတ် ၂ တရားမဲ့ပြုကျင့်မှု၊ နံပါတ် ၃ ရပ်ကျေးပါဝင်တာဖြစ်တဲ့တွက် တရားမဲ့ပြုကျင့်တာက ဒီမှာတင်မပြီးနိုင်ဘူး။ ဒီကဆုံးဖြတ်တာလည်း ကျနော်လက်မခံနိုင်ဘူး လို့ ပြောခဲ့ပြီးဖြစ်တယ်။ ရွေးကောက်ပွဲအရာရှိနဲ့ ဥပဒေအရာရှိကပြောတယ်။ ဒါက ရွေးကောက်ပွဲတရားပြုကျင့်မှုမြောက်တယ်ဆိုပြီးပြောတယ်။ ပြီးတော့ NLD ပါတီဥက္ကဌကို နောက်တစ်ခါထပ်မလုပ်ဖို့ ခံဝန်ကတိရေးထိုးခိုင်းတယ်။ ကျနော်တို့ကတော့ တရားမဲ့ပြုကျင့်မူမြောက်တဲ့အတိုင်း ဆက်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု USDP ပါတီမှ ဖားကန့်မြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအင်ဖရောင်းဂမ်က ပြောသည်။

Stay at home သတ်မှတ်ထားသည့် မြို့နယ်တွင် မဲဆွယ်မှုနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်ကို အမြန်ဆုံးတိုင်ကြားလိုသော်လည်း ရွေးကောက်ပွဲရက်လွန်စွာနီးကပ်နေသည့်အတွက် ရွေးကောက်ပွဲပြီးမှသာ တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“တိုင်ကြားမူဖြစ်ပေါ်တဲ့ခါမှာ ကျွန်တော်က နှစ်ဦးနှစ်ဖက်ကိုခေါ်ပြီးတော့ စေ့စပ်ညှိနိူင်းရေးကော်မတီနဲ့လည်း  တွေ့ဆုံဆွေးနွေးပေးတယ်။ဆုံးဖြတ်ပေးတယ်။ ဦးတင့်စိုးတို့က NLD ပါတီအနေနဲ့ခွင့်ပြုချက်မဲ့ မဲဆွယ်စည်း ရုံးမှုမြောက်တဲ့တွက် ကျွန်တော်တို့က နောင်မလုပ်ဖို့နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးအကြောင်းကြားစာနဲ့ သတိပေးမှတ်တမ်းတွေလုပ်လိုက်တယ်။ တိုင်ကြားတဲ့ဘက်ကတော့ သာမန်အားဖြင့်လက်ခံနိုင်တဲ့အပိုင်းဘဲ။ ဥပမာ တရားမဲ့ပြုကျင့်မှုရောက်တာ၊ မရောက်တာက သူ့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်ပြီးတိုင်တန်းလို့ရတယ်။ ကျွန်တော်တို့မြို့နယ်ကော်မရှင်အနေနဲ့တော့ ဒီအဆင့်ထိဘဲလုပ်ပေးလို့ရမယ့် အနေထားပါ” ဟု ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးအောင်ကျော်သူက ပြောသည်။

ကချင်ပြည်နယ်တွင် ဖားကန့်မြို့နယ်သည် ပိုးတွေ့လူနာအများဆုံးဖြစ်သဖြင့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ Stay at home သတ်မှတ်လိုက်သည့်အတွက် ၎င်းမြို့နယ်တွင် မဲဆွယ်စည်းရုံးခွင့်မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

“Stay at home မှာ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီးတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့ (SOP) ဆိုတာရှိတယ်။ အပိုင်း ၁ မှာပါတယ်။ Stay at home သတ်မှတ်လိုက်ပြီဆိုလို့ရှိရင် မဲဆွယ်စည်းရုံးခွင့်မရှိတော့ဘူး။ အဲတော့ ကချင်ပြည်နယ်မှာ ဖားကန့်က  Stay at home သတ်မှတ်ထားတယ်လို့ သိရတယ်။ ဒီတော့ (SOP) အရ မဲဆွယ်လို့မရတော့ဘူး” ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိပြီး မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးရှိကာ ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်သာလိုတော့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...