ရှမ်းပြည်နယ်တွင် အသက် (၆၀) နှင့်အထက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ လေးသိန်းကျော်ရှိပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မိုင်းကိုင် မြို့နယ်တွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ အသက် ၆၀ နှင့်အထက် ရှစ်ထောင်ကျော်ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထင်ကျော်ကပြောသည်။
အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးနိုင်သည့်အစီအစဉ်အရ ကိုယ်တိုင်သွားရောက် ကြိုတင်မဲပေးခဲ့သော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ဒေါ်ယဉ်ယဉ်က “အရင်က ပါတီတွေ အဲ့လောက်မများဘူး။ အခုက ပါတီတွေ အများကြီးတိုးလာတယ်။ နှာခေါင်း စည်းတပ်ရတယ်။ လက်ဆေးရတယ်။ မျက်မှန်မပါလို့ အိမ်ပြန်ယူရသေးတယ်” ဟု ကြိုတင်မဲပေးခဲ့ရသည့်အတွေ့အကြုံအား ပြန်လည်ပြောပြခဲ့သည်။
ထို့ပြင် အသက်ကြီးလွန်း၍ ကျန်းမာရေးအရ သွားလာရခက်ခဲသည့် အဖိုးအဖွားများအား ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှစ်ဦး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် သက်ဆိုင်ရာနယ်မြေမှူးများမှ အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ခံသွားမည်ဖြစ်ပြီး မဲရုံသို့ ကိုယ်တိုင်သွား ရောက်မဲပေးချင်ပါကလည်း မနက် (၈) နာရီ မှ ညနေ (၆) နာရီ မဲရုံကိုဖွင့်လှစ်ကာ မဲပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
မဲရုံများကို ဖွင့်လှစ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အညီ စနှစ်တကျလုပ်ဆောင်နေခြင်းဖြစ်ပြီး ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ (၂၉) ရက်နေ့က နိုဝင်ဘာ (၅) ရက်အထိ ဆောင်ရွက်သွားဖြစ်ကြောင်း သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။
ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့် ရှိသူ ၃၅ သိန်းကျော်ခန့်ရှိပြီး မိုင်းကိုင်မြို့နယ်အပါအဝင် မြို့နယ် ရှစ်မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သဖြင့် လူဦးရေခုနစ်သောင်းခွဲခန့် မဲပေးပိုင်ခွင့်ဆုံးရှုံးသွားနိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။