တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) မှ စည်းရုံးရေးမှူးတစ်ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အပါအဝင် သံရုံးများနှင့် လူ့အခွင့်အရေးကော်မရှင်တို့ထံ အကြောင်းကြားထားကြောင်း သိရသည်။
တပ်မတော်၏ဖမ်းဆီးခြင်းခံရသူသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းကျေးရွာအုပ်စု ပုံနွဲ့ကျေးရွာနေ ကျားနီပါတီ၏ စည်းရုံးရေးမှူး ဦးမောင်သိန်းဆိုသူဖြစ်ပြီး မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ်က သူလွတ်မြောက်ရေးအတွက်ကို နယ်လုံကိုပြောထားတယ်။ ဒီနေ့ NRPC ကိုလည်း အကြောင်းကြားတယ်။ မနေ့တုန်းကဆိုရင်လည်း သံရုံးနှစ်ခုနဲ့ လူ့အခွင့်အရေးကော်မရှင်ကို အကြောင်းစာပို့ထားတယ်” ဟု ကျားနီပါတီဥက္ကဌ ဦးစိုင်းဌေးအောင်ကပြောသည်။
ဦးမောင်သိန်းအား အောက်တိုဘာ ၂၇ ည ၈ နာရီအချိန်ခန့်က ၎င်း၏နေအိမ်၌ပင် မြန်မာ့တပ်မတော် ခလရ ၂၂၂ က အရပ်ဝတ်များ၊ အရပ်သုံးကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ် သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအားဖမ်းဆီးပြီး နာရီပိုင်းခန့်အကြာ ည ၁ နာရီအချိန်တွင်လည်း ၎င်းနေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေ၍ လက်ကိုင်ဖုန်းသိမ်းဆည်းသွားကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုထံမှစုံစမ်းသိရသည်။
“ဖမ်းတဲ့အခါကျတော့လည်း ညင်ညင်သာသာဖမ်းတာမဟုတ်ဘူး။ တရားခံကိုဖမ်းတယ်ဆိုရင်လည်းပဲ သူ့နည်းဥပဒေနဲ့သူရှိတယ်လေ။ အခုဟာက တွေ့တယ်ဆိုရင်ပဲ သေနတ်ဒင်နဲ့ထုထောင်းရိုက်နက်ပြီးမှ ဝင်ခံခိုင်းတာပေါ့။ အကြမ်းဖက်ဖမ်းဆီးတာပေါ့။ ပြည်သူကို အကြမ်းဖက်ပြီးတော့မှ ဖမ်းဆီးတယ်လို့ ပြောလို့ရတာပေါ့” ဟု ဦးစိုင်းဌေးအောင်ကပြောသည်။
လက်ရှိအချိန်တွင် တပ်မတော်က ဦးမောင်သိန်းအား မိုင်းကိုင်းရဲစခန်းကို လာရောက်အပ်နှံထားပြီး စစ်ဆေးမှုပြုလုပ်နေသည်မှာလည်း ၃၆ နာရီရှိနေပြီဖြစ်သော်လည်း မည်သည့်ပုဒ်မနှင့်စွဲဆိုထားသည်ကို မိုင်းကိုင်းရဲစခန်းမှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။
“ဖမ်းတုန်းကတော့ တိုင်တဲ့သူရှိလို့ ဖမ်းသွားတယ်။ အဲ့လိုတော့ပြောသွားတယ်” ဟု ဦးမောင်သိန်း၏သားဖြစ်သူ ကိုခမ်းဝင်းကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းရေးရာဝန်ကြီး၊ ဖမ်းဆီးခံရသူမိသားစုနှင့် ကျေးရွာသားများက ရဲစခန်းသို့သွားရောက်၍ ဦးမောင်သိန်းအား တွေ့ဆုံခွင့်ပြုရန် တောင်းခံခဲ့သော်လည်း တွေ့ခွင့်မရသေးကြောင်း သိရသည်။
ဦးမောင်သိန်းအား တပ်မတော်ကဖမ်းဆီးမှုသည် အောက်တိုဘာလ ၂၂ ရက် ညပိုင်းတွင် မာလုံကျေးရွာသား ဦးစောဖအဖမ်းခံရသည့်ကိစ္စနှင့်ဆက်စပ်၍ ဖမ်းဆီးခြင်းဖြစ်ပြီး ဦးစောဖအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အရပ်ဝတ်နှစ်ဦးက ဖမ်းဆီးရာတွင် ဦးသိန်းမောင်ပါဝင်ကြောင်း ဦးစောဖ၏သမီးဖြစ်သူက လွဲမှားတိုင်တန်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း စစ်ကိုင်းတိုင်ဒေသကြီး ရှမ်းရေးရာဝန်ကြီးကပြောသည်။
“ဦးစောဖကို အရပ်ဝတ်နဲ့ လူနှစ်ဦးလာရောက်ဖမ်းဆီးမှုမှာ ဦးမောင်သိန်းပါတယ်လို့ ဦးစောဖရဲ့သမီးကတိုင်လို့ ဖမ်းဆီးခဲ့ရတာဖြစ်တယ်။ဒါပေမဲ့ အချက်အလက်က လွဲမှားနေတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းရေးရာဝန်ကြီးကပြောသည်။
ဦးစောဖအား ဖမ်းဆီးခေါ်ဆောင်သည့် လက်နက်ကိုင်နှစ်ဦးတွင် ဦးမောင်သိန်းပါကြောင်း စွပ်စွဲမှုရှိနေသော်လည်း ဦးစောဖအဖမ်းခံရသည့်အချိန်တွင် ဦးသိန်းမောင်သည် ကျားနီပါတီ၏ စည်းရုံးရေးတာဝန်ဖြင့် ချောင်းကြီးဒေသသို့ ရောက်ရှိနေကာ မျက်မြင်သက်သေများလည်းရှိကြောင်း ရှမ်းရေးရာဝန်ကြီးက ဆက်လက်ပြောသည်။
ဦးမောင်သိန်းသည် အသက် ၆၃ နှစ်အရွယ်ရှိပြီး ကျားနီပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ၂၀၁၅ နှစ်မတိုင်မီကပင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။