“NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်ဉ်က ပိုမိုနှောင့်နှေးသွားတယ်’’

“NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်ဉ်က ပိုမိုနှောင့်နှေးသွားတယ်’’

ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ယခုလက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ ၂၀၂၀ ရွေးကောက်ပွဲကနေ အသစ်တက်လာမည့်အစိုးရသစ်အပေါ် မျှော်လင့်ချက်နဲ့ ပလက်ဝအခြေအနေတို့နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ကြံ့ခိုင်ရေးနဲ့ NLD အစိုးရသက်တမ်း နှစ်ခုမှာ CNF အနေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တာဆိုတော့ လက်ရှိ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးအနေအထားအပေါ် အားရကျေနပ်မှုရှိလား။ ဒီအစိုးရနှစ်ခုအကြား ငြိမ်းချမ်းဆောင်ရွက်မှုပိုင်းမှာ ဘယ်လိုကွာခြားမှုတွေရှိနေလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အစိုးရနဲ့ မိမိတို့အကြား လုပ်ငန်းချိတ်ဆက်မှုပိုင်းမှာတော့ ကြံ့ခိုင်ရေး အစိုးရနဲ့ ဆောင်ရွက်ရတာ ပိုပြီး အားရတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ကြံ့ခိုင်ရေးအစိုးရကနေ စတင်လာတာ ဆိုတော့လုပ်ငန်းနဲ့ပါတ်သက်ပြီး ပိုမို နားလည်တာလည်းပါမှာပေါ့။ NLD အစိုးရ လက်ထက်ကျတော့ ပိုမို နှောင့်နှေးသွားတယ်။ ချုံပြောရယင် ငြိမ်းချမ်းရေးဖြစ်စဉ် သယ်ဆောင်မှုက အားရကျေနပ်စရာ မကောင်းဘူးလို့ပြောရမှာပဲ။ တိုးတက် မှုဆိုလို့ ပထမအကြိမ်၊ ဒုတိယအကြိမ်ပင်လုံအထိ တိုးတက်တယ်လို့ ပြောချင်တယ်၊ တတိယ အကြိမ် ပင်လုံ ကနေ ယနေ့အထိ အရွေ့တော့ ရှိတယ်၊ မတိုးတက်ဘူး၊ ဒါကြောင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တက်လာတဲ့ အစိုး ရသစ်နဲ့ အတူ ဖော်ဆောင်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေ ကြိုတင်ချမှတ်တာဖြစ်ပါတယ်။

မေး။ ။ အသစ်တက်လာမည့် အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး ဘာတွေ ဆောင်ရွက်စေချင်သလဲ။

ဖြေ။ ။ ကျနော် အချက် (၃) ချက်နဲ့ ပြောလိုပါတယ်။ ပထမအချက်က စတုတ္ထအကြိမ် (၂၁)ရာစု ပင်လုံအစည်းအဝေးကနေ သဘောတူညီချက် စာချုပ် အစိတ်အပိုင်း (၃) အ ပိုင်း (၂) ထဲမှာ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက်အကောင်အထည်ဖော်ရမည့် အချက်တွေ ရှိပါတယ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံများတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု ဖော် ဆောင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စုခိုင်မာရေး ဆိုပြီး အဆင့်လိုက် လုပ်ငန်းစဉ် တွေ ချမှတ် ထားပါတယ်၊ အဲဒီ အဆင့်လိုက်လုပ်ငန်းစဉ်ဖော်ဆောင်နိုင်ဖို့ရန် အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပ ရမှာပါ။

ဒုတိယ အချက်အနေနဲ့ NCA သဘောတူစာချုပ်အရ အစိုးရနဲ့ NCA- EAOs အကြားမှာ အားလုံးနဲ့သော် လည်း ကောင်း၊ တဖွဲ့ချင်းအလိုက် သော်လည်းကောင်း ကြားကာလ ဆောင်ရွက်ရမည့် လုပ်ငန်းတွေအတွက် ယခင် အစိုးရတွေ နဲ့ သ ဘောတူ ညှိနှိုင်းထားတာတွေ ရှိပါတယ်။ အဲဒါတွေကိုဆက်ပြီးအကောင်အထည်ဖော်ဖို့လိုပါတယ်။

တတိယအချက်အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီဖြစ်စဉ်ထဲမှာ ပါဝင်လာစေရေးပါ့၊ ဒီတော့ ၂၀၂၀ အလွန် အသစ်တက်လာတဲ့ အစိုးရအနေနဲ့အဲဒီလုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင် အကောင်အထည် ဖော် စေချင်တယ်။

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ စစ်မက်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ခွင့်ပြုလိုက်ပါပြီ။ ပလက်ဝဆိုတာက တပ်မတော်နဲ့ အေအေတပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသဖြစ်တော့ ဒီလိုအခြေအနေမျိူးမှာ ရွေးကောက်ပွဲကျင်းပဖို့က သင့်တော်ပါ့မလား။ CNF အနေနဲ့ ဘာတွေဆောင်ရွက်ထားတာရှိလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကော်မရှင်ဖက်ကနေ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခွင့် မပြုတဲ့ မဲဆန္ဒ နယ်မြေ ဆိုပြီး ထုတ်ပြန်ထားပါတယ်၊ အဲဒီမှာ ချင်း ပြည် နယ် ပလက်ဝ မဲဆန္ဒနယ်က မပါဘူးပေါ့။ ဘယ်လိုဖြစ်လာမလဲတော့ ပြောရခက်ပါတယ်။ အကောင်းဆုံးက ပြည်သူလူထုကို ပေါ့ပါးလွတ်လပ်စွာနဲ့ ရွေးကောက်ပွဲ လုပ်ပေးသင့်တယ်၊ ပြည်သူတွေရဲ့ အခြေခံနိုင်ငံရေးအခွင့်အရေးဆိုလို့ ဒီရွေး ကောက်ပွဲပဲလေ၊ CNF အနေနဲ့ ဒေသ တည်ငြိမ်ရေး နှင့် လူထု မနစ်နာရေး အတွက် ချင်းပြည်နယ် ပလက်ဝ ဒေသမှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ နှစ်ဖက်ကို တောင်းဆိုထားပြီးသားပါ။ တောင်းဆိုထားသလိုဖြစ်မလာတာက ဖြစ်လာမည့် ဆိုး ကျိုးအတွက် သက်ဆိုင်သူမှာ တာဝန်ရှိတယ်။

မေ။ ။ နောက်တက်လာမည့် အစိုးရအနေနဲ့ ချင်းပြည်နယ်အတွက် အဓိက ဘာတွေလုပ်ပေးဖို့ တိုက်တွန်းချင်သလဲ။

ဖြေ။ ။ CNF နဲ့ ချင်းပြည်နယ်အစိုးရအကြား သဘောတူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့လိုပါတယ်။ အစိုးရ ဟောင်းရဲ့ မပြီးပြတ်သေးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းတွေ ပြန်လည်စီစစ်ပြီး အပြီးသတ် ဆောင်ရွက်ဖို့၊ အစိုးရဟောင်း နဲ့ ပြည်သူတွေအကြား မပြေလည်ခဲ့တဲ့ မြေယာ၊ အိမ်ယာ၊ နယ်နိမိတ် ပြသာနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေရာချထားရေးနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်အကောင်အထည်ဖော်စေချင်ပါတယ်။

Most read this week

July 3, 2024
ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည်...
July 3, 2024
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး...
July 2, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး...