ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ရွေးကောက်ပွဲပြီးသည်အထိ ၎င်း၏မဲဆန္ဒနယ်မြေ ထန်တလန်တွင် နေရန်စီစဉ်ထား

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ရွေးကောက်ပွဲပြီးသည်အထိ ၎င်း၏မဲဆန္ဒနယ်မြေ ထန်တလန်တွင် နေရန်စီစဉ်ထား
Photo Crd: Hakha Post
Photo Crd: Hakha Post

ချင်းပြည်နယ်သို့ရောက်ရှိနေသည့် နိုင်ငံတော် ဒု-သမ္မတ ၂ ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်မှုကို ကြည့်ရှုစစ်ဆေးပြီးနောက် ၎င်း၏မဲဆန္ဒနယ်မြေ ထန်တလန်မြို့တွင် ရွေးကောက်ပွဲပြီးဆုံးသည်အထိ နေမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“သူကဒီမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နှစ်ရက်/သုံးရက်လောက်ကြည့်ရှုပြီးရင် ထန်တလန်ကိုသွားဖို့ရှိပါတယ်။ ထန်တလန်မှာ သူလည်းရွေးကောက်ပွဲဝင်တယ်ဆိုတော့ သူ့ထန်တလန်မြို့နယ်ထဲမှာတော့ စည်းရုံးရေးလုပ်ငန်းစဉ်တွေအနေနဲ့ သွားမှာ၊ ရွေးကောက်ပွဲပြီးတဲ့အထိ သူရှိနေမှာပေါ့။ မဲဆွယ်ပြီး ဆန္ဒမဲပြီးမှပဲ ပြန်သွားမယ်ထင်တယ်” ဟု ဝန်ကြီးဦးစိုးထက်ကေပြာသည်။

ဒု-သမ္မတသည် အောက်တိုဘာလ ၂၅ ရက်နေ့က ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ရောက်ရှိလာပြီး ၀မ္မသူမောင်းအားကစားကွင်း ပွဲကြည့်စင်အသစ်ဆောက်လုပ်သည့်လုပ်ငန်း၊ တရားလွှတ်တော်ချူပ်ရုံး ဆောက်လုပ်သည့်လုပ်ငန်း၊ GTI၊ ပညာရေးကောလိပ် တက္ကသိုလ်များအပြင် ဘုံဇုန်းဘိလပ်မြေစက်ရုံ တည်ဆောက်မည့် အခြေအနေများကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

“တည်ဆောက်ရေးလုပ်ငန်းတွေမှာ လိုအပ်တာတွေကို ဖြည့်ဆည်းပေးတယ်၊ လိုအပ်တာတွေလမ်းညွန်တာပေါ့။ တည်ဆောက်ရေးလုပ်ငန်းမြန်မြန်ပြီးဖို့ ကြည့်တယ်၊ ပညာရေးကော်လိပ်ကို ပညာရေးဒီကရေကော်လိပ်တိုးတယ်၊ ပညာရေးဒီကရေကော်လိပ်ကို ပညာရေးတက္ကသိုလ်လုပ်မယ် ဒီလိုမျိုးတွေလမ်းညွန်တာပေါ့" ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်ကြည့်ရှုသည့်အပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“ဒု-သမ္မတက နိုင်ငံတော်အစိုးရရဲ့ အစီအစဉ်နဲ့လာတာလား သူတို့ရဲ့ပါတီစည်းရုံးရေးအစီအစဉ်နဲ့လာတာလားဆိုတာ ကျွန်တော်လဲ အတိအကျမသိဘူး၊ အထူးသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ရွေးကောက်ပွဲအတွက် အသုံးမပြုသင့်ဘူး။ အမှတ်မယူသင့်ဘူး။ ပြိုင်ဖက်ပါတီတွေက အစိုးရယန္တရားတွေကို အသုံးမပြုတဲ့အတွက် နစ်နာတယ်။ အဲ့နှစ်ခုကို ရောပြီးမလုပ်စေချင်ဘူး၊ ဒါကြောင့် ဒီတခေါက်ခရီးစဉ်ကို ခွဲခွဲခြားခြားနဲ့ ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဖို့လိုတယ်။ နောက်ပြီး ခု COVID လိုင်းက ဆိုးနေတယ်ဆိုတော့ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်နေရာကနေလာလာ ကိုဗစ်နဲ့ပက်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို တသဝေမတိမ်း အပြည့်အဝလိုက်နာဖို့လိုအပ်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

ဦးဟင်နရီဗန်ထီးယူသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြုအနေဖြင့် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD)မှ ဦးဗန်မွန်လျန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)မှ ရှန်လျန်မှုန်းတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...