Stay at home ကြေညာနိုင်သည့် ကချင်ပြည်နယ်မြို့နယ်နှစ်ခုတွင် မဲဆွယ်စည်းရုံးရေးကို တက်သုတ်ရိုက်ပြုလုပ်ခဲ့ရကြောင်း မြစ်ကြီးနာမြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းတင်မောင်လွင်ကပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များကို ကျမ်းမာရေးဝန်ကြီးဌာနမှ Stay at home သက်မှတ်ထားပြီး ကိုဗစ်ဖြစ်ပွားမှုများရှိနေသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များနှစ်ခုတွင်လည်း Stay at home သတ်မှတ်လာနိုင်သဖြင့် မဲဆွယ်စည်းရုံးရေးကို အောက်တိုဘာ ၂၅ ရက်တွင် အလျှင်အမြန် ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ကတော့ သေသေချာချာစနစ်တကျလေး စီစဉ်ပြီးတော့မှ အင်အားများများလေးလုပ်ချင်တာ။ ကိုယ်အမျိုးသားရေးအတွက်ဆိုတော့ ဒါပေမယ့်လည်း Stay at home ကျမ်းမာရေးကိစ္စလဲရှိတော့ မြန်မြန်ဆန်ဆန်လုပ်လိုက်ရတဲ့သဘောပေါ့" ဟု မြစ်ကြီးနာမြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းတင်မောင်လွင်ကပြောသည်။
အဆိုပါ မဲဆွယ်စည်းရုံးခြင်းကို မြစ်ကြီးနာမြို့နယ် ရှမ်းနီပါတီနှင့် ဝိုင်းမော်မြို့နယ် ရှမ်းနီပါတီတို့ပူးပေါင်းကာ အင်အားသုံးထောင်ကျော်ဖြင့် မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့အထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။
ယင်းမြို့နယ်နှစ်ခုတွင် အင်အားပြ မဲဆွယ်စည်းရုံးရေးပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်ထံသို့တင်ပြရာတွင် ကားငါးစီး၊ ဆိုင်ကယ် အစီး ၃၀ နှင့် လူအင်အား ၅၀ ဖြင့်သာ ပြုလုပ်မည်ဖြစ်ကြောင်း တင်ပြခဲ့သောလည်း မြေပြင်တွင်လှည့်လည်ရာ၌ မြစ်ကြီးနားရှမ်းနီလူငယ်ကွန်ယက်နှင့် ဝိုင်းမော်ရှမ်းနီလူငယ်အဖွဲ့များ တာလောကြီးရှမ်းနီလူငယ်များနှင့် ခတ်ချိုရှမ်းနီလူငယ်များ ပူးပေါင်းပါ၀င်လာမှုများကြောင့် အင်အား သုံးထောင်ကျော်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ အင်းအားများပြားလာသော်လည်း ကျမ်းမာရေးဆိုင်ရာလမ်းညွန်ချက်များနှင့်အညီ လှည့်လည်ခဲ့ခြင်းသာဖြစ်ကြောင်း ရှမ်းနီလူငယ်ကွန်ယက် မြစ်ကြီးနားမှ ကိုစိုင်းအောင်မျိုးကပြောသည်။
“ကျွန်တော်တို့ စထွက်တုန်းကတော့ လူဦးရေ ၁၈၀၀ လောက်တော့ရှိမယ်။ ဝိုင်းမော်တို့ တာလောကြီးတို့ဘက်က ၀န်းရံသူတွေထပ်ရောက်လာတော့ အင်အား ၃၀၀၀ ကျော်သွားတာဗျ” ဟု၎င်းကပြောသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး (ကျားနီ) ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြစ်ကြီးနားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၊ ဝိုင်းမော်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ရှမ်းတိုင်းရင်းသားရေရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။