ကျားဖြူပါတီဟုလူသိများသော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် (SNDP) ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) နေရာ၌ ကိုယ်စားလှယ်လောင်းတစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် ကျားဖြူပါတီမှ စဝ်မျိုးတင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၎င်းသည် ညောင်ရွှေမြို့နယ်၊ စံကားဒေသမှ စံကားစော်ဘွားစဝ်ခွန်ကြည်၏ သားဖြစ်သည်။
စဝ်မျိုးတင့်သည် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး လက်ရှိ (DNNA Private Sch- ool Taunggyi) တွင် အထက်တန်း ပြဆရာတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိကာ ပြည်နယ်အတွင်း ပညာရေးနှင့်သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲရေးများ အဓိကလုပ်ဆောင်ရန် ဆန္ဒဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာ ပညာရေးနဲ့ပတ်သက်ပြီး ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ပညာရေးရဲ့ အရသာကို သိပ်မခံစားလိုက်ရဘူး။ သူတို့အတွက် အခမဲ့ အဆောင်တွေဖွင့်ပေးပြီး သူတို့အတွက် လုပ်ဆောင်ပေးချင်တယ်” ဟု စဝ်မျိုး တင့်ကပြောသည်။
လက်ရှိပညာရေးနှင့်ပတ်သက်၍ ကျောင်းစာသင်ရိုးညွှန်းတမ်းများကို လက်တွေ့လုပ်ဆောင်ရာတွင် အားနည်းချက် ကြီးကြီးမားမားရှိနေကြောင်း ၎င်းကဝေဖန်သည်။
“ကျောင်းသားတွေ စာတွေ့ပဲရှိတယ်။ ကျောင်းသားတွေအနေနဲ့ လက်တွေ့အခန်းကဏ္ဍက အားနည်းနေတဲ့အတွက် လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ သင်ယူစေချင်တယ်” ဟု စဝ်မျိုးတင့်ကပြောသည်။
၎င်းအနေနှင့် ဒေသတွင်း တောင်သူများအတွက် သီးနှံစျေးကွက် ဖန်တီးပေးနိုင်ရန်နှင့် သီးနှံအလေအလွင့်မဖြစ်အောင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများကိုလည်း ဖော်ဆောင်ပေးချင်ကြောင်း ပြောသည်။
“အနိုင်ရခြင်း/မရခြင်းက ပြည်သူတွေအပေါ် မူတည်တယ်။ ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးနိုင်ဖို့ အဓိကတော့ လွှတ်တော်ထဲရောက်ဖို့လိုပါတယ်။ လွှတ်တော်ထဲမပါခဲ့ရင်တောင် လွှတ်တော်ပြင်ပကနေ ကူညီပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု စဝ်မျိုးတင့်က ပြောသည်။
ကျားဖြူပါတီ အနေဖြင့်ရှမ်းပြည်နယ် တစ်ခုလုံးရှိ ၃၉ မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာတွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်နေရာတွင် ၃၂ ဦး၊ ပြည်နယ်လွှတ်တော်တွင် ၆၄ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွင် တစ်ဦးစီဖြင့် စုစုပေါင်း ၁၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျားဖြူပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီး ခြောက်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦးအနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တစ်နေရာသာ အနိုင်ရခဲ့သည်။