ကချင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲအား ကောင်းမွန်စွာလုပ်၍မရသေးသောအခြေအနေတွင် ရှိနေသေးကြောင်း ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းကောင်စီအတွင်းရေးမှူး ဦးစောမြက ပြောသည်။
ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် အေအေတို့အကြား ပဋိပက္ခများကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဖြစ်မည်ကို စိုးရိမ်ရသည့်အခြေအနေဖြစ်နေကြောင်း သိရသည်။
“ရွေးကောက်ပွဲကော်မရှင်တွေကလည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ္စည်းတွေပို့တာတော့ လုပ်နေပြီ။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် လုပ်လို့ မရသေးတဲ့ အခြေနေမှာရှိနေသေးတယ်။ နယ်မြေလုံခြုံရေးအရ တပ်ဘက်ကလည်း အသွားလာကန့်သတ်တာတို့ရှိတယ်” ဟု ၎င်းက ပြောသည်။
ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကို လွတ်လပ်စွာ ပြုလုပ်နိုင်ရန်နှင့် မဲဆန္ဒရှင်ပြည် သူများ စိုးရိမ်မှုကင်းကင်းဖြင့် မဲပေးနိုင်ရေးနှင့်ပတ်သက်၍လည်း ပလက်ဝမြို့နယ်ရှိ ချင်းအဖွဲ့အစည်း ခုနစ်ဖွဲ့မှ အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်ထဲတွင် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် အေအေတို့အကြား တိုက်ပွဲပဋိပက္ခများကြောင့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်မည်ကိုစိုးရိမ်မိကြောင်း ဖော်ပြထားသည်။
ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများသည် နေ့စဉ်နှင့်အမျှတိုက်ပွဲဒဏ်ကို ခံစားနေရသည့်အပြင် နယ်မြေမတည် ငြိမ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို ဒီမိုကရေစီစနစ်ဖြစ်ထွန်းခြင်းဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးပေါ် ပေါက်လာမှသာပပျောက်နိုင်မည်ဟုလည်း အလေးနက်ယုံကြည်ကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲကို ကောင်းမွန်စွာကျင်းပနိုင်ရေး ပြည်နယ်အစိုးရမှ အရေးတယူ ကူညီဆောင်ရွက်ပေးရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်ထားသောဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်လည်း အဖွဲ့အစည်းခုနစ်ဖွဲ့တောင်းဆိုထားသည်။
ထို့ပြင် ပလက်ဝမြို့နယ်တွင် အသွားလာကန့်သတ်ခြင်း လုံခြုံရေးအကြောင်းပြ၍ စစ်ပွဲနှင့်မသက်ဆိုင်သူများကို လက်လွတ်စပယ် ဖမ်းဆီးခြင်းနှင့် ရွေးကောက်ပွဲမဖြစ်မြောက်ရေးအတွက် ခြိမ်းခြောက်ခြင်းများကိုမပြုလုပ်ရန် ချင်အဖွဲ့အစည်း ခုနစ်ဖွဲ့ဖြစ်သည့် ခူးမီးစာပေယဉ်ကျေးမှုဗဟိုအသင်း၊ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းကော်စီ၊ ခူမီးလူငယ်များအသင်း၊ တိုင်းရင်းသူအဖွဲ့အစည်း ပလက်ဝမြို့၊ ပလက်ဝမြို့နယ် ချင်းအရပ်ဖက်ကွန်ယက်နှင့် Paletwa Khumi Community Malaysia (PKC) တို့က ထုတ်ပြန်ချက်ထုတ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
UEC အနေဖြင့်လည်း တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နယ်မြေလုံခြုံမှုအားနည်းသည့် ပလက်ဝမြို့နယ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက်များကို သုံးသပ်စိစစ်လျက်ရှိကာ ထုတ်ပြန်ရန်ရှိကြောင်း နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။
Published
Thursday, October 22, 2020
ပလက်၀တွင် ရွေးကောက်ပွဲ ကောင်းစွာလုပ်၍မရသည့်အခြေအနေတွင်ရှိနေ